◾ ပီတာနှင့်ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်က စုံစမ်းစစ်ဆေးတွေ့ရှိချက် တင်သွင်းမှုအား ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဇူလိုင်လ ၁၉ ရက်တွင် ဆုံးဖြတ်မည်
၁၈. ၇. ၂၀၂၃
Translated by Htwe Ko Tun
ထိုင်းနိုင်ငံရွေးကောက်ပွဲမှာ မဲအများဆုံးရခဲ့တဲ့ Move Forward Party (MFP) ပါတီခေါင်းဆောင် ပီတာနဲ့ပတ်သက်လို့ စုံစမ်းတွေ့ရှိချက်တွေကို ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းကပဲ ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသို့ တင်သွင်းခဲ့ရာမှာ အဲဒီအမှုကို သုံးသပ်စစ်ဆေးပြီး ပီတာ့အနေနဲ့ ပါလီမန်အမတ်တစ်ဦးအဖြစ် ရွေးချယ်ခံရဖို့ ကိုက်ညီခြင်းရှိမရှိ ခုံရုံးက ဇူလိုင်လ ၁၉ ရက်မှာ ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။
အောက်လွှတ်တော်နဲ့အထက်လွှတ်တော်အမတ်တွေ ပူးပေါင်းပြီး ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်အသစ်နေရာအတွက် ပူးတွဲမဲပေးရွေးချယ်ပွဲဒုတိယအကြိမ်ကျင်းပမှုကိုလည်း ဇူလိုင်လ ၁၉ ရက်မှာကျင်းပသွားမှာဖြစ်ပါတယ်။ ဇူလိုင်လ ၁၃ ရက်က ပူးတွဲမဲပေးပွဲ ပထမအကြိမ် ကျင်းပခဲ့စဉ်က ဝန်ကြီးချုပ်လောင်းအဖြစ် အဆိုပြုခဲ့တဲ့ MFP ပါတီခေါင်းဆောင် ပီတာဟာ လုံလောက်တဲ့ထောက်ခံမဲ ၃၇၆ မဲ မရဘဲ ထောက်ခံမဲ ၃၂၄ မဲသာရခဲ့လို့ ရှုံးနိမ့်ခဲ့ပါတယ်။
ပီတာ့အနေနဲ့ iTV မီဒီယာလုပ်ငန်းမှာ အစုရှယ်ယာ ၄၂,၀၀၀ ပိုင်ဆိုင်ခဲ့တဲ့အတွက် ရွေးကောက်ပွဲယှဉ်ပြိုင်ဖို့သတ်မှတ်စည်းမျဉ်းတွေနဲ့ ကိုက်ညီခြင်းမရှိဘူးလို့စွပ်စွဲချက်အချို့ကို ရွေးကောက်ပွဲအပြီးမှာ ကော်မရှင်ထံ တင်သွင်းခဲ့ကြပါတယ်။ အဆိုပါစွပ်စွဲချက်တွေအပေါ် ရွေးကောက်ပွဲကော်မရှင်က စုံစမ်းစစ်ဆေးမှုတွေပြုခဲ့ပြီး တွေ့ရှိချက်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဆီ ထပ်မံတင်ပြခဲ့တာပါ။
ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအနေနဲ့ ဇူလိုင်လ ၁၉ ရက် မနက်ပိုင်းမှာ ပီတာဟာ ပါလီမန်အမတ်တစ်ဦးအဖြစ်ရွေးချယ်ခံခွင့်ရှိမရှိ ဆုံးဖြတ်သွားမှာဖြစ်ပြီး တကယ်လို့ မဖြစ်ထိုက်ဘူးလို့ ခုံရုံးကဆုံးဖြတ်ခဲ့တယ်ဆိုရင်တောင် ပီတာက ဝန်ကြီးချုပ်လောင်းအနေနဲ့တော့ဆက်လက်တည်ရှိနေမှာပါ။
Ref—- Bangkok Post