၁၈. ၇. ၂၀၂၃
Written by Nyein Kyaw
တရုတ်နိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ယူနန်ပြည်နယ်အစိုးရတို့မှ ပူးပေါင်း၍ (၇) ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၇) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲကို ကူမင်းမြို့၊ Dianchi International Convention and Exhibition Center ၌ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၆ ရက်မှ ၂၀ ရက်အထိ ငါးရက်ကျင်းပသွားမည်ဖြစ်သည်။
ဇအဆိုပါကုန်စည်ပြပွဲ၌ မြန်မာစီးပွားရေးလုပ်ငန်းရှင်များ ပါဝင်တက်ရောက်ပြသနိုင်ရေး ဇူလိုင် ၁၇ ရက်တွင် မြန်မာနိုင်ငံအခြေစိုက် Yunnan Chamber ဥက္ကဋ္ဌ Mr.Xie Ming Gui နှင့် တာဝန်ရှိသူများသည် ကုန်သည်စက်မှုအသင်းချုပ်(UMFCCI) ဒုတိယဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမျိုးသန့်တို့နှင့် UMFCCI တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် မြန်မာနိုင်ငံမှ ထုတ်ကုန်ပစ္စည်းဖလှယ်နိုင်ရန် ပြခန်းများပါဝင်ပြသနိုင်ရေး၊ မြန်မာနိုင်ငံမှ သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် ကျွမ်းကျင်သူများ စေလွှတ်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။
အဆိုပါပြပွဲသို့ နိုင်ငံအသီးသီးမှ အထင်ကရစီးပွားရေး လုပ်ငန်းရှင်ကြီးများ တက်ရောက်ကြမည်ဖြစ်ပြီး ပြပွဲကာလအတွင်း ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဖိုရမ်များနှင့် စီးပွားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲများကိုလည်း ထည့်သွင်းကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။