၁၈. ၇. ၂၀၂၃
Written by Nay Aung
မြန်မာလယ်သမားများအနေဖြင့် ၂၀၂၂ ခုနှစ် စပါးရိတ်သိမ်းသည့်အချိန်တွင် စပါးဈေးကောင်းပြီး အမြတ်ငွေ တိုးလာခဲ့ခြင်းကြောင့် ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ပျိုးထောင်စိုက်ပျိုးနည်းဖြင့် စပါးစိုက်ပျိုးရန် စတင်ပြင်ဆင်လာကြောင်း သိရသည်။
ပျိုးထောင်စိုက်ပျိုးခြင်း နည်းလမ်းသည် ရေကြီးရေလျှံမှုအတွင်း သီးနှံပျက်စီးမှု နည်းပါးစေပြီး အထွက်နှုန်း မြင့်မားစေသော်လည်း စပါးပင်ပျိုးခြင်းနှင့် လယ်ကွင်း၌ စိုက်ပျိုးခြင်းအတွက် လုပ်သားအင်အား လိုအပ်သဖြင့်လုပ်သားရှားပါးမှုက စိန်ခေါ်မှုဖြစ်ကြောင်း သိရသည်။
စပါးဈေးမှာတင်း ၁၀၀ လျှင် ပျမ်းမျှအားဖြင့် ကျပ် ၁၆ သိန်းဝန်းကျင်ရှိပြီး ယခင်နှစ်ကာလတူက စပါးတင်း ၁၀၀ လျှင် ကျပ် ၆ သိန်းဝန်းကျင်သာရှိခဲ့သည့်အတွက် လက်ရှိစပါးဈေးမှာ စံချိန်တင်မြင့်တက်လာကြောင်း သိရသည်။
“စပါးဈေးကျရင် အထွက်နှုန်းတိုးတာတောင်မှ အမြတ် အစွန်းကို အာမခံချက်မရှိဘူး။ ဒါကြောင့် ကျွန်တော်တို့လို တစ်ပိုင်တစ်နိုင်စိုက်ပျိုးတဲ့ လယ်သမားတွေဟာ အရင်နှစ်တွေကတော့ ပျိုးထောင်စိုက်ပျိုးနည်းကိုရှောင်ပြီး မျိုးစေ့ကြဲစိုက်ပျိုးနည်းကိုပဲသုံးခဲ့တယ်”ဟု ဘိုကလေးမြို့နယ်မှ လယ်သမား ဦးညိုက ပြောသည်။
လယ်ယာလုပ်ငန်းတွင် အသုံးပြုသောစက်များ၌ အဓိကထား အသုံးပြုသော ဒီဇယ်ဆီဈေးသည် ယခင်နှစ်က တစ်ဂါလန်လျှင် ကျပ် ၁၂,၀၀၀ ရှိရာမှ လက်ရှိတွင် ၈၀၀၀ ကျပ် အထိ ကျဆင်းခဲ့ပြီး ဓာတ်မြေသြဇာ တစ်အိတ်လျှင် ယမန်နှစ်က ကျပ် ၁၀၀၀၀၀ ကျော်ရှိခဲ့ရာမှ ယခုနှစ်တွင် ကျပ် ၈၀,၀၀၀ သို့ ကျဆင်းခဲ့ကြောင်း သိရသည်။
တောင်သူလယ်သမားများအနေဖြင့် ယခုနှစ် စပါးစိုက်ရာသီတွင် ဓာတ်မြေဩဇာဈေးနှုန်းများ ကျဆင်းခြင်းကြောင့် ကုန်ကျစရိတ် သက်သာရာရမည်ဟုမျှော်လင့်နေ သည်။ မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်အတွင်း စပါးစိုက်ဧက ၁၄ ဒသမ ၉၈ သန်း စိုက်ပျိုးရန် ရည်မှန်းထားပြီး ဧက ၄ သန်းကျော် စိုက်ပျိုးထားပြီးဖြစ်ကြောင်းနှင့်ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး ၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်း တိုင်းဒေသကြီးတို့ သည် မြန်မာနိုင်ငံတွင်ဆန်စပါး အဓိက စိုက်ပျိုးသည့် ဒေသများဖြစ်ကြသည်။
မြန်မာနိုင်ငံသည် နှစ်စဉ် ဆန်တန်ချိန် ၁၄ သန်းခန့် ထုတ်လုပ်လျက်ရှိပြီး ပြည်တွင်းစားသုံးမှုမှာ တန်ချိန် ၁၀ သန်းမှ ၁၁ သန်းခန့်ရှိကာ ပိုလျှံသည့် ဆန်တန်ချိန် ၂ သန်းမှ ၂ ဒသမ ၅ သန်းခန့်ကို အာရှ၊ ဥရောပနှင့် အာဖရိကနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။
Ref- the star