MT News
၁၇. ၇. ၂၀၂၃
NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး ခိုင်းစေမှုအရ မြစ်ငယ်၊ မီးရထားဆေးရုံအုပ်ကြီး ဒေါက်တာတင်ချိုချိုကိုအား သတ်ဖြတ်ခဲ့မှုအပါအဝင် သတ်ဖြတ်လုယက်မှုများကျုးလွန်ထားသည့် မြစ်ငယ် PDF များ ဖမ်းမိခဲ့သည်ဟု ယခုညတွင် ထုတ်ပြန်သည်။
ဖြစ်စဥ်မှာ ဒေသခံပြည်သူများ၏ လျှို့ဝှက် သတင်းပေးပို့တိုင်ကြားချက်အရ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် နေ့လယ်ပိုင်းတွင် အမရပူရမြို့နယ်၊ ဝက်ကုန်း၊ တမာတန်းရပ်ကွက်တွင် မြစ်ငယ် PDF အဖွဲ့ဝင် သီဟဇော်ထွေး(ခ) သီဟအား Sig Sauer ပစ္စတို ၁ လက်၊ ၎င်း ကျည်အိမ် ၂ ခု၊ ၎င်းကျည် ၁၀ တောင့်၊ လက်ပစ်ဗုံး ၂ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ သီဟဇော်ထွေး၏ ထွက်ဆိုချက်အရ အမရပူရမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ စွယ်တော်ဘုရားရှေ့တွင် မြစ်ငယ် PDF အဖွဲ့ဝင်များဖြစ်သည့် အောင်ဘိုဘိုသန်း(ခ)ဘိုသန်းနှင့် လုရီ(ခ)သန့်ဇင်ဦး၊ မြစ်ငယ်လမ်းဆုံ၌ မင်းမင်းဟိန်း(ခ)လေဒီ တို့ကိုထပ်မံဖမ်းဆီးရမိခဲ့သည်။ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ တရားခံ သီဟဇော်ထွေးနှင့် မင်းမင်းဟိန်းတို့သည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် မြောင်မြို့ နယ်၊ နဂါးပေါက် ကျေးရွာအနီး မြစ်ငယ် PDF စခန်း၌ အကြမ်းဖက်ဖောက်ခွဲ ဖျက်ဆီးရေးသင်တန်းအား တက်ရောက်ခဲ့ပြီး ဖမ်းဆီးရန်ကျန်တရားခံ ဝင်းထွန်း ခေါင်းဆောင်၍ သီဟဇော်ထွေး၊ လုရီ၊ အောင်ဘိုဘိုသန်း၊ မင်းမင်းဟိန်း၊ ဖမ်းဆီးရန်ကျန် တရားခံ ဝမ်းတီး၊ ငြိမ်းကြီး၊ တင့်ဝေ၊ ဇော်နောင်(ခ)ကြက်သားတုံးနှင့် ရဲလင်းမောင်တို့ အပါ အင်အား ၁၅ ဦးဖြင့် မြစ်ငယ် PDF အဖွဲ့အား ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံ သီဟဇော်ထွေး၏ထွက်ဆိုချက်အရ ၂၀၂၃ ခုနှစ်၊ မေလ ပထမပတ်တွင် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော NUG မှ တရားခံပြေး ဇော်ဝေစိုးမှ မန္တလေးတိုင်းဒေသကြီး၊ မြစ်ငယ်မြို့၊ မြန်မာ့မီးရထားဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာ ဒေါ်တင်ချိုချိုကို သည် CDM မလုပ်သည့်အပြင် CDM ပြုလုပ်သွားသည့် ကျန်းမာရေးဝန်ထမ်းများကိုလည်း ပြန်လည်စည်းရုံးခေါ်ယူလျက်ရှိသဖြင့် လုပ်ကြံ သတ်ဖြတ်ရန် စေခိုင်းခဲ့ကြောင်း၊ သို့ဖြစ်၍ တရားခံ သီဟဇော်ထွေး၊ ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် ဇော်နောင်(ခ)ကြက်သားတုံးနှင့် ရဲလင်းမောင်တို့သည် ဒေါက်တာ ဒေါ်တင်ချိုချိုကိုအား လုပ်ကြံသတ်ဖြတ်ရန် အခြေအနေစောင့်ကြည့်ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။
၂၀၂၃ ခုနှစ် မေလ ၁၅ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ပလိပ်မြို့ ၊ ဈေးကွက်သစ်ရပ်ရှိ “ချို”ဆေးခန်း၌ မြစ်ငယ်မြို့ ၊ မြန်မာ့မီးရထားဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာ ဒေါ်တင်ချိုချိုကိုအား သီဟဇော်ထွေးမှ ဆေးကုသမှူခံယူရန် ဟန်ဆောင်ပြီး လူနာကုတင်ထက်တွင်လဲလျောင်း၍ ကုသပေးသူ ဒေါက်တာတင်ချိုချိုကို အား ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သည့် ဇော်နောင်(ခ)ကြက်သားတုံးနှင့် ရဲလင်းမောင်တို့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အခြေအနေအား ကြည့်ရှုပေးခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။
ထို့အပြင် ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ အကြမ်းဖက် အုပ်စုအဖြစ်ကြေငြာထားသော NUG မှ တရားခံပြေး ဇော်ဝေစိုးနှင့် ဝင်းထွန်းတို့၏ စေခိုင်းမှုဖြင့် စဉ့်ကိုင်မြို့နယ်အတွင်း အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်မှု ၂ ကြိမ်၊ ဖောက်ခွဲဖျက်ဆီးမှု ၁ ကြိမ် ဆောင်ရွက်ခဲ့ရာ- ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်တွင် ပလိပ်မြို့၊ ဘူတာရပ်တွင် နေထိုင်သည့် ဦးဘုန်းကျော်အား ဒလန်ဟုစွပ်စွဲ၍ ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သော ဝမ်းတီးနှင့် ငြိမ်းကြီးတို့မှ ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်မှုတွင် သီဟဇော်ထွေးနှင့် ဖမ်းဆီးရန်ကျန် တရားခံ တင့်ဝေတို့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အခြေအနေအား ကြည့်ရှုပေးခဲ့ကြောင်းနှင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်တွင် သီဟဇော်ထွေးသည် ပြည်သူများ အထိတ်တလန့်ဖြစ်စေရန်ရည်ရွယ်၍ ပလိပ်မြို့၊ ဝန်ထမ်းကွက်သစ် ရပ်ကွက်ရှိ Heart Zoom စားသောက်ဆိုင်အား လက်လုပ်မိုင်း ၁ လုံး ဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း သိရသည်။
အထက်ပါ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူ နိုင်ရေးဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုသို့တိုက်ခိုက်သူများအား လျှို့ဝှက်သတင်းပေးနိုင်ကြောင်းလည်း သိရသည်။