၁၇. ၇. ၂၀၂၃
Written by Phyo Wei
အဖွဲ့ဝင်နိုင်ငံပေါင်း ၂၇ နိုင်ငံ ပါဝင်တဲ့ ဥရောပသမဂ္ဂ(အီးယူ) နဲ့ အာဆီယံအဖွဲ့ကြား အပြန်အလှန်ဆက်ဆံရေးကို ကြီးကြပ်သူအဖြစ် မြန်မာနိုင်ငံက တာဝန်ယူတော့မဲ့အခြေနေမှာ ဒီ အစီအစဉ်ကို ကန့်ကွက်ဆန့်ကျင်ပါ့မယ်လို့ ဥရောပသမဂ္ဂအဖွဲ့ရဲ့ ထိပ်တန်းသံတမန် ဂျိုးဆပ်ဘော်ရယ်လ်က ထုတ်ဖော်ပြောဆိုလိုက်တဲ့ ဒီရက်သတ္တပတ်မှာပဲ မြန်မာနိုင်ငံက အိန္ဒိယ၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့ ပါဝင်တဲ့ မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု အလှည့်ကျ ပူးတွဲဥက္ကဋ္ဌတာဝန်ကို လာအိုဆီက လွှဲပြောင်းလက်ခံရယူခဲ့တဲ့အပြင် မဲခေါင်- ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု စီးပွားရေးကောင်စီ ထူထောင်ရေးကိုပါ သဘောတူညီချက် ထုတ်ပြန်နိုင်ခဲ့ပါတယ်။
တစ်ဖက်မှာလည်း အိန္ဒိယအစိုးရဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အားပေးထောက်ခံသလို လက်ရှိအချိန် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ပြန်လည်ရရှိဖို့လိုအပ်တယ်လို့ အိန္ဒိယ ပြည်ပရေးရာဝန်ကြီး Jaishankar က ဇူလိုင် ၁၆ ရက်က ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ Mekong Ganga Cooperation Mechanism အစည်းအဝေးနဲ့ BIMSTEC အဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ထုတ်ဖော်ပြောကြားလိုက်တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တဲ့ အခုတစ်ပတ် နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ NUG နဲ့ PDF ကို အသိအမှတ်မပြုဘူးဆိုတဲ့အကြောင်း၊ ၂၀၂၃ ခုနှစ် ၇ လအတွင်း ပြည်သူ ၇၈၂ ဦး သေဆုံးခဲ့တဲ့အကြောင်းနဲ့ အမေရိကန်ပြင်ဆင်ရမဲ့ လမ်းမှားတွေအကြောင်းကို တင်ပြချင်ပါတယ်။
“NUG နဲ့ PDF ကို အသိအမှတ်မပြုတဲ့ ဒေါ်အောင်ဆန်းစုကြည်“
“အစစအရာရာ ကိုယ့်ဘက်ကအင်အားစုတွေ အချင်းချင်း သွေးကွဲမှာစိုးလို တတ်နိုင်သလောက် သည်းခံပြီး ထိန်းထိန်းသိမ်းသိမ်း နေခဲ့တာပါ။ ဒါပေမဲ့ တိုင်းပြည်အပြင်ဘက် ရောက်နေကြတဲ့ နိုင်ငံရေးသမားတွေအချို့ဟာ ကျင့်ဝတ်သိက္ခာ မဲ့လွန်းတဲ့အပြင် နိုင်ငံရေး လူညစ်ပတ်တွေမို့လို့ ကျွန်တော် မပြောဘဲနေတဲ့ဟာတွေ ထုတ်ပြောရပါတော့မယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် CEC အဖွဲ့ဝင်အားလုံးနီးပါး အဖမ်းခံ ထောင်ကျနေချိန်မှာ NLD ပါတီနဲ့ CEC အဖွဲ ရဲ့ ဆုံးဖြတ်ချက်တွေ မချမှတ်နိုင်ခဲ့ပါဘူး။ NLD နာမည်အသုံးပြုတာ၊ CEC နာမည် အသုံးပြုတာတွေဟာ လုံးဝတရားမဝင်သလို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD CEC အဖွဲ့က တာဝန်လည်းမခံသလို တာဝန်လည်းမယူကြောင်း ၈. ၁၁. ၂၀၂၁ ရက်ကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့က ရှေ့နေတွေ ( ဒေါ်မင်းမင်းစိုး၊ ဦးခင်မောင်ဇော်) ကတစ်ဆင့် အပြတ်ပြောခဲ့ပြီးသားပါ။ ဒါကြောင့် NLD ရဲ့ တရားဝင် Facebook စာမျက်နှာကို တရားမဝင် ခိုးယူအသုံးပြုနေကြတဲ့ NLD CWC အမည်ခံ ဦးအောင်ကြည်ညွန့် ဦးဆောင်တဲ့သူတွေမှာ ဘာမှ လုပ်ပိုင်ခွင့်မရှိပါဘူး။ NLD CWC အမည်ခံပြီး ဖွဲတာဟာလည်း တရားမဝင်ဘူးလို ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေတွေကတဆင့် ၈. ၁၁. ၂၀၂၁ ရက်နေ့မှာ အပြတ်ပြောခဲ့ပါတယ်။ ဒါကို ရူးချင်ယောင်ဆောင်ပြီး တရားမဝင်တဲ့ NLD CWC နာမည်ကို အသုံးချပြီး NLD ရဲ့ တရားဝင် Facebook Page ကို မောင်ပိုင်စီး ခိုးယူအသုံးပြုပြီး NLD နာမည်နဲ့ ကြေညာချက်တွေ ထုတ်နေတာဟာ လုံးဝတရားမဝင်ဘူးဆိုတာ NLD မှာ နှစ်များစွာ လုပ်ခဲ့ဘူးသူတိုင်း သိကြပါတယ်။ အခု So-called NLD CWC ဆိုတဲ့ သူတို့ဘာသာသူတို့ တိုင်းပြည်အပြင်ဘက်မှာ ဖွဲ့ထားကြတဲ့ အဖွဲ့မှာ ပါဝင်တဲ့သူအားလုံးဟာ ထိုင်းနိုင်ငံ မဲဆောက်နဲ့ အမေရိကားကို အကုန်ရောက်နေကြတဲ့ သူတွေချည်းပါပဲ။ NLD ရဲ့ ဖွဲစည်းပုံစည်းမျဉ်းနဲ့ လုပ်ထုံးလုပ်နည်းအရ ဆိုရင် အဲဒီလို တိုင်းပြည်အပြင်ဘက် ထွက်သွားကြသူတွေဟာ NLD ပါတီဝင်အဖြစ်တောင် တရားမဝင်တော့ပါဘူး။ သူတို့တွေဟာ NLD ပါတီဝင်တွေလို့တောင် မပြောနိုင်တော့ပါဘူး။ NLD ရဲ့ နှစ်ပေါင်း ၃၀ ကျော် နိုင်ငံရေးသမိုင်းကြောင်းမှာ ဒီလို တိုင်းပြည်အပြင်ဘက် ထွက်သွားကြတဲ့ (ရှင်းရှင်းပြောရရင်ကြောက်လို့ ထွက်ပြေးသွားကြတဲ့) သူတွေဟာ ဘယ်တုန်းကမှ NLD တာဝန်ကို ယူလို့မရသလို တာဝန်ယူခဲ့ရင်လည်း တရားမဝင်ပါဘူး” ဆိုတဲ့စကားက NLD ပါတီရဲ့ ဗဟိုကော်မတီဝင် ဦးတိုးလွင်က ၂၀၂၃ ခုနှစ် မတ်လ ၄ ရက်မှာ ဖွင့်ဟခဲ့တာပါ။
သူ့စကားမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ဟာ ဦးအောင်ကြည်ညွန့်ထိန်းချုပ်ထားတဲ့ CRPH၊ NUG နဲ့ PDF တွေကို လုံး၀အသိအမှတ်မပြုဘူးလို့ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၈ ရက်ကတည်းက ပြောပြီးသားပါ။
NUG နဲ့ PDF ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်လက်မခံကြောင်း ဦးတိုးလွင် ပြောခဲ့တဲ့ စကားကိုပဲ ၂၀၂၃ ဇူလိုင် ၁၁ ရက်မှာ ထပ်ကြားလာရပြန်ပါတယ်။
ဒီတစ်ခါတော့ ပြောသူဟာ အလိုအလျောက်ဖျက်သိမ်းခံပါတီက အငြင်းပွားဖွယ်အထုတ်ခံရတဲ့ NLD ဗဟိုကော်မတီဝင် ဦးတိုးလွင်အဆင့်မဟုတ်ဘဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမတ်ဝီနိုင်းပါ။ သူပြောတဲ့ နေရာကလည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာဖြစ်ပြီး အာဆီယံနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေကို ပြောခဲ့တာပါ။ ဒါကိုပဲ သိက္ခာရှိ ကမ္ဘာ့သတင်းမီဒီယာတွေက အမှန်အတိုင်း ဖော်ပြခဲ့တာပါ။
ထိုင်း နိုင်ငံခြားရေးဝန်ကြီးသာ ဒေါ်အောင်ဆန်းစုကြည်က NUG နဲ့ PDF ကို လက်မခံဘူးလို့ဆိုတဲ့စကားကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ထုတ်မပြောခဲ့ဘဲ ကမ္ဘာ့သတင်းမီဒီယာတွေက မှားရေးခဲ့ရင် လက်ရှိအချိန်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တင်းမာတဲ့ နိုင်ငံတွေဖြစ်တဲ့ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား စတဲ့နိုင်ငံတွေက တက်ရောက်သူတွေဟာ ကျွန်တော်တို့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ဒီစကားကို ထိုင်းဝန်ကြီးက လုံး၀မပြောခဲ့ပါဘူးလို့ ယတိပြတ်ငြင်းမှာပါ။ ဒါပေမဲ့ ဒီလိုမျိုး ငြင်းဆို စကားပြောဖို့ထက် စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယမ်ဘလာကရစ်ချ်နန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံအထူးကိုယ်စားလှယ်ကို တွေ့ခွင့်ပေးဖို့တို့၊ ဒေါ်အောင်ဆန်းစုကြည်မပါဘဲ မြန်မာ့နိုင်ငံရေးကို အဖြေမရှာနိုင်ပါဘူးတို့ စကားကိုပဲ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာထောက်ရင် ဒေါ်အောင်ဆန်းစုကြည်ဟာ NUG နဲ့ PDF ကို မထောက်ခံဘူးလို့ ပြောခဲ့တာနဲ့ ထိုင်းဝန်ကြီးက တစ်ဆင့်ပြန်ပြောခဲ့တာက အမှန်လို့ သေချာပေါက်ယူဆရမှာပါ။
ဟိုးအရင်တုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကိုဝမ်းကွဲ ဒေါက်တာစိန်ဝင်းရဲ့ NCGUB ဟာ အဝေးရောက်ညွန့်ပေါင်းအစိုးရဆိုပြီး ဖွဲ့ချိန်မှာ ကုလသမဂ္ဂ၊ အမေရိကန်နဲ့ အရှေ့တီမောတို့က စင်ပြိုင် အစိုးရအဖြစ် အသိအမှတ် ပြုပေးခဲ့ကြတာပါ။ လက်ရှိအချိန်မှာတော့ NCGUB ကို အတုခိုးပြီး ထပ်တူလိုက်လုပ်နေတဲ့ NUG ဟာ NCGUB လိုမျိုး ကမ္ဘာကနေ စင်ပြိုင်အစိုးရလို့ အသိအမှတ်ပြုတာတောင် လုံး၀မရှိတဲ့အခြေအနေမျိုးမှာ ဒေါ်အောင်ဆန်းစုကြည်က အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတဲ့ NUG နဲ့ PDF တွေကို အသိအမှတ်မပြုဘူး၊ လက်မခံဘူးဆိုတဲ့ စကားဟာ သူတို့ကို မြောင်းထဲ ထပ်ကန်ချလိုက်သလိုပါပဲ။ သေချာတာကတော့ NUG ဟာ NCGUB ရဲ့ တစ်ဝက်တောင် မအောင်မြင်နိုင်ဘဲ လူသတ်၊ အကြမ်းဖက်၊ ကမ္ဘာက အသိအမှတ်မပြုတဲ့ အခြေအနေကို ရောက်သွားတော့မဲ့ အခြေအနေကို ဒေါ်အောင်ဆန်းစုကြည်စကားနဲ့ သက်ဆင်းခဲ့ပြီဆိုတာပါပဲ။
“၇ လအတွင်း ပြည်သူ ၇၈၂ ဦး သေဆုံးမှု“
SAC ကြောင့် ပြည်သူ ၃၈၅၀ လောက် သေထားတယ်လို့ AAPP က စွပ်စွဲနေချိန်မှာ NUG နဲ့ PDF ကတော့ လခရတွေအပါအဝင် နိုင်ငံ့ဝန်ထမ်းတွေနဲ့ ပြည်သူ ၃၀၀၀၀ ကျော် သတ်ဖြတ်ထားပြီးပြီလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဝန်ခံထားတဲ့အပြင် SAC ရဲ့ လခရမပါတဲ့ စာရင်းမှာတော့ ၂၀၂၃ ဇူလိုင် ၆ ရက်အထိ NUG နဲ့ PDF က နိုင်ငံ့ဝန်ထမ်းတွေ၊ သံဃာတွေ၊ ပြည်သူ ၆၀၉၁ ဦး သတ်ထားတယ်လို့ စာရင်းပေါ်နေတာပါ။
အဲဒီလို နှစ်ဖက်ကြားမှာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အမေရိကန်က ထောက်ပံ့ပေးထားတဲ့ ကိုမင်းဇင်တို့ရဲ့ ISP Myanmar က သုတေသနစစ်တမ်းထုတ်ပြန်ရာမှာ ပြီးခဲ့တဲ့ နှစ်နှစ်ကျော်အတွင်း ပြည်သူ ၈၆၄၀ ဦး သတ်ဖြတ်ခံထားရတယ်လို့ပြောခဲ့ပြီး အဲဒီအထဲက ၂၁၈၃ ဦးကပဲ လခရတွေကြောင့် သေဆုံးတာဖြစ်ပေမဲ့ ကျန်တဲ့ ၆၄၅၇ ဦးကတော့ PDF တွေနဲ့ EAOs တွေရဲ့ ဒလန်လို့ စွပ်စွဲသတ်ဖြတ်ခံရမှုတွေ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် သေရတာလို့လည်း ISP Myanmar က ပြောထားပါသေးတယ်။
ဒါ့အပြင် ၂၀၂၃ ခုနှစ်ဟာ အဆုံးသတ်အတွက် အဆုံးအဖြတ်နှစ်လို့ NUG က ကြုံးဝါးထားတဲ့နည်းတူ ဒီနှစ် ဇူလိုင် ၁၁ ရက်အထိ ခုနစ်လအတွင်း NUG နဲ့ PDF တွေရဲ့ အကြမ်းဖက်ဖောက်ခွဲမှု ၄၈၉ ကြိမ်ဖြစ်ပွားခဲ့ပြီး ပြည်သူ ၇၈၂ ဦး သေဆုံးခဲ့ရတယ်လို့ SAC ဥက္ကဋ္ဌ ပြောကြားလာတာပါ။ ဒါ့အပြင် အကြမ်းဖက်မှုဖြစ်စဉ်တွေမှာ အဆိုးဆုံးက စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့ဖြစ်တဲ့အကြောင်းနဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ချိန် အတွင်း ရဲတပ်ဖွဲ့ဝင်တွေလည်း ထိခိုက်သေဆုံးမှုအချို့ဖြစ်ပေါ်ခဲ့တယ်လို့ ပြောပါတယ်။
NUG အနေနဲ့ NCGUB လောက်တောင် ကမ္ဘာက အသိအမှတ်ပြုမခံရတာ၊ အကြမ်းဖက်အဖွဲ့အစည်း၊ သူပုန်ဆိုတာမျိုးအထိ ကမ္ဘာ့မျက်နှာစာမှာ သုံးနှုန်းခံနေရတာကလည်း ဒီလိုမျိုး တရားလက်လွတ်သတ်ဖြတ်မှုတွေကြောင့်ပါ။ NCGUB ဟာ ပြည်သူကြားကို ဗုံးမခွဲခဲ့သလို နိုင်ငံ့ဝန်ထမ်းတွေ၊ ဆရာ၊ ဆရာမတွေ၊ သံဃာတွေ၊ ကလေးသူငယ်တွေ၊ ရပ်ကျေးဥက္ကဋ္ဌတွေကို “ဒလန်၊ သူလျှို၊ နစက ယန္တရားလည်ပတ်အောင် လုပ်ပေးသူ”ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ မသတ်ဖြတ်ခဲ့ပါဘူး။
“အမေရိကန်ပြင်ဆင်ရမဲ့ လမ်းမှား“
ဂျာမနီနိုင်ငံ ဘာလင်မြို့ Robert Bosch Academy ရဲ့ နယူးဒေလီမြို့အခြေစိုက် Center for Policy. Research and Fellow ရဲ့ ပါမောက္ခ Brahma Chellaney ရေးသားတဲ့ ” America’s Myanmar Policy Simply All Wrong ” ဆိုတဲ့ ဆောင်းပါးတစ်ခုဟာ ဒီတစ်ပတ်ရဲ့ နိုင်ငံတကာမျက်နှာစာမှာ လှုပ်ခတ်ခဲ့ပါတယ်။ ဆောင်းပါးရဲ့ ဆိုလိုရင်းဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တောင်းဆိုခဲ့တဲ့ စီးပွားရေးပိတ်ဆို့မှုကိုပဲ အမေရိကန်က ပြန်လည်ကျင့်သုံးနေပြီး ဒါဟာ မှားယွင်းတယ်ဆိုတဲ့အကြောင်းနဲ့ (ဆောင်းပါးဖတ်ရှုရန် https://www.mtnewstoday.com/?p=28511 ) အဲဒီတုန်းက ပိတ်ဆို့မှုဟာ မြန်မာပြည်သူတွေပဲ ဆင်းရဲမွဲတေခဲ့တာ၊ တရုတ်ရဲ့ နိုင်ငံရေးဩဇာက မြန်မာနိုင်ငံအပေါ်လွှမ်းမိုးသွားတာနဲ့ အမေရိကန်ရဲ့ နိုင်ငံရေးဩဇာက မြန်မာ့အပေါ် မရှိသလောက်ကျဆင်းသွားပြီး လက်ရှိအချိန်မှာလည်း အမေရိကန်က ဒီလမ်းဟောင်းဖြစ်တဲ့ ပိတ်ဆို့မှုကိုပဲ လုပ်နေတာတွေ ဖော်ပြထားပါ။
ဒီလိုဆက်လုပ်နေတာကြောင့် မြန်မာနိုင်ငံတွင်းမှာ အခက်ကြုံနေရတဲ့ တရုတ်နိုင်ငံက ခြေကုပ်ပြန်ရသွားပြီး အမေရိကန်ကတော့ တရုတ်လိုမျိုး မြန်မာ့နိုင်ငံရေးမှာ ဩဇာလွှမ်းမိုးချုပ်ကိုင်ဖို့ထက် မြန်မာအစိုးရအပေါ် ပိတ်ဆို့မှုတွေ တိုးမြှင့်ဖို့နဲ့ အစိုးရကိုဆန့်ကျင်တဲ့ PDF အပါအဝင် လက်နက်ကိုင်အင်အားစုတွေကို လက်နက်အထောက်အပံ့ပေးဖို့ပဲ ပြုလုပ်နေတာလို့ ရေးသားထားပြီး အဲဒီလိုမှားယွင်းတဲ့ ပိတ်ဆို့မှုလမ်းဟောင်းကို စွန့်ခွာဖို့ အကြံပြုထားတာပါ။
ဒါ့အပြင် ၂၀၁၄ ခုနှစ် ထိုင်းနိုင်ငံအာဏာသိမ်းမှုဖြစ်စဉ်မှာ အမေရိကန်ဟာ ပိတ်ဆို့တာမလုပ်ဘဲ ထိတွေ့ဆက်ဆံမှုလုပ်ခဲ့တာကြောင့် ထိုင်းနိုင်ငံနဲ့ ပြည်သူတွေ အထိမနာခဲ့သလို ထိုင်းတပ်မတော်ကလည်း ရွေးကောက်ပွဲပြန်ကျင်းပပေးခဲ့ရပြီး မြန်မာ့အပေါ်မှာလည်း အဲဒီလိုဆက်ဆံဖို့ အကြံပြုထားတဲ့အပြင် NUG နဲ့ PDF တွေ တကယ်လို့ နိုင်သွားရင်တောင် မြန်မာပြည်သူတွေ မျှော်လင့်နေတဲ့ ဒီမိုကရေစီနိုင်ငံထက် လစ်ဗျားလို အစိပ်စိပ်အမြွှာမြွှာကွဲ၊ အစိုးရအမျိုးမျိုးပေါ်လာနဲ့ ဘယ်တော့မှ အဖတ်ဆည်မရတဲ့ ပြိုလဲမှုတွေပဲ ကြုံရမယ်လို့ သတိပေးထားတာပါ။
တကယ့်တကယ်တမ်းမှာလည်း NUG သာ အနိုင်ရရင် အာဏာယူပြီး အနှစ် ၂၀ လောက် ခြေဥထိုင်ဆွဲ၊ ကချင်နိုင်ငံတော်၊ ရခိုင်နိုင်ငံတော်၊ ရှမ်းနိုင်ငံတော်ဆိုပြီး ခွဲထွက်။ ကိုယ့်ဘာသာ ရပ်တည်နိုင်မှုမရှိတဲ့ ပြည်နယ်တွေ မြို့တွေ လုကြ၊ ယက်ကြ၊ သိမ်းကြ ကမောက်ကမ နယ်မြေလုတဲ့ သက်ဦးဆံပိုင်ဘုရင်ခေတ်လို တစ်မြို့မှာ မင်းတစ်ပါးနဲ့ စိတ်ပျက်စရာချည်းဖြစ်လာမဲ့အခြေအနေပါ။ ဒါမျိုးတွေကို ကမ္ဘာ့နိုင်ငံကြီးတွေ၊ အိမ်နီးချင်းနိုင်ငံကြီးတွေနဲ့ အာဆီယံနိုင်ငံတွေက ခန့်မှန်းနိုင်လို့လည်း NUG ကို အဖက်လုပ်မဆက်ဆံတာ မြန်မာနိုင်ငံနဲ့ ပြည်သူတွေရဲ့ ထွက်ပေါက်အဖြစ် ရွေးကောက်ပွဲပြန်လည်ဖြစ်ဖို့ပဲ ဦးစားပေးကြိုးစားနေကြ တွန်းအားပေးနေကြတာကို စဉ်းစားမိချိန်တန်ပါပြီလို့ တင်ပြရင်းနဲ့ပဲ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။
#mtnews #mtnews_review
#myanmar_transparency_news