၁၇. ၇. ၂၀၂၃
Translated by Htwe Ko Tun
စင်ကာပူနိုင်ငံ ပါလီမန်ဥက္ကဋ္ဌ တန်ချွန်ဂျင်နဲ့ ပါလီမန်အမတ် ချန်လီဟွေးတို့နှစ်ဦးဟာ နှစ်ဦးသား တိတ်တိတ် ပုန်းဇာတ်လမ်းရှိနေရာက ဇူလိုင်လ ၁၇ ရက်မှာတော့ နှစ်ဦးစလုံး ပါလီမန်ကရော သူတို့ရဲ့ ပါတီဖြစ်တဲ့ People’s Action Party(PAP) ပါတီကပါ နုတ်ထွက်ခဲ့ကြပါတယ်။
သူတို့ကို နုတ်ထွက်ခွင့်ပြုကြောင်း ကြေညာချက်တွေကိုဝန်ကြီးချုပ်ရုံးက ဇူလိုင်လ ၁၇ ရက်မှာပဲ ကြေညာခဲ့တာပါ။ ဒါပေမယ့် ကြေညာချက်တွေထဲမှာ နုတ်ထွက်ကြခြင်းရဲ့အကြောင်းရင်းတွေကို တိတိကျကျ ဖော်ပြမထားပါဘူး။
ဝန်ကြီးချုပ် လီရှန်လွန်းက သတင်းစာရှင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ပြီး ပါလီမန်ဥက္ကဋ္ဌ တန်ချွန်ဂျင်နဲ့ ပါလီမန်အမတ် ချန်လီဟွေးတို့ဟာ မသင့်တော်တဲ့ ဆက်ဆံမှုတွေ ရှိခဲ့ကြတယ်လို့ပြောခဲ့ပြီး ဒါကိုသိလို့ရပ်ကြဖို့ပြောပေမယ့် ဇတ်လမ်းဆက်ခဲ့ကြတယ်လို့လည်း ဆိုခဲ့ပါတယ်။
မစ္စတာလီက သူ့အနေနဲ့ ဒီကိစ္စကို ၂၀၂၀ ပြည့်နှစ်လောက်ထဲက သိလို့တားမြစ်ခဲ့ကြောင်း၊ ကာယကံရှင်စုံတွဲကို ရှေ့ဆက်မလုပ်ကြဖို့ ဖေဖော်ဝါရီလထဲမှာပဲ အကြံပေးပြောကြားခဲ့ပေမယ့် သူတို့ကတော့ တိတ်တိတ်ပုန်းဇတ်လမ်းကို ဆက်ခဲ့ကြတာလို့ ပြောခဲ့ပါတယ်။
ပါလီမန်ဥက္ကဋ္ဌ တန်ချွန်ဂျင်ဟာ အသက် ၅၄ နှစ်ရှိပြီး အိမ်ထောင်ရှိသူဖြစ်ကာ ကလေးနှစ်ယောက်လည်းရှိပါတယ်။ သူ့ရဲ့နုတ်ထွက်ခွင့်ပြုဖို့ တင်သွင်းလွှာမှာတော့ မကြာခင်က အောက်လွှတ်တော်မှာ ပါလီမန်နဲ့မဆိုင်တဲ့ စကားပြောအသုံးအနှုန်းတစ်ခုကို သူကအသုံးပြုမိခဲ့တာ သူ့မိသားစုကို ထိခိုက်စေခဲ့လို့ နုတ်ထွက်တယ်လို့ရေးထားပါတယ်။
ပါလီမန်အမတ် ချန်လီဟွေးကတော့ အသက် ၄၇ နှစ်ရှိပြီး အိမ်ထောင်မရှိသူဖြစ်ပါတယ်။ သူမက ဝန်ကြီးချုပ်ထံရေးစာမှာ အခုလိုအခြေအနေတွေမှာ နုတ်ထွက်ခွင့်ပြုဖို့တောင်းဆိုရခြင်းကို အလွန်ဝမ်းနည်းပါတယ်လို့ပဲပြောခဲ့ပါတယ်။ သူမက ပါတီကိုလည်းတောင်းပန်ပါတယ်လို့ရေးခဲ့ပါတယ်။
စင်ကာပူပါလီမန်ဥက္ကဋ္ဌနဲ့ လွှတ်တော်အမတ်တို့ရဲ့ တိတ်တိတ်ပုန်းဇာတ်လမ်းက အခြားသူတွေထက် စိတ်ဝင်စားစရာဖြစ်ခဲ့ရတာတော့ အမှန်ပါပဲ။
Ref-CNA