
လားရှိုးလူငယ် ပရဟိတ အဖွဲ့
၁၇.၇.၂၀၂၃
Written By Hey Mar
ဇူလိုင် ၁၆ ရက် တစ်နေ့တာအတွင်း သာကေတနဲ့ လားရှိုးမှာ အိမ်ခြေမဲ့အမျိုးသား ၂ ဦး သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံပရဟိတအသင်းတွေဆီက သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ၆/အရှေ့ရပ်ကွက်၊ ဝေဇယန္တာ (၁၃) လမ်းထိပ်မှာ ပြင်ပဒဏ်ရာမရှိဘဲ အသက် (၄၀) ဝန်းကျင် အမျိုးသားတစ်ဦး ဇူလိုင်လ ၁၆ ရက် နေ့လည် ၁ နာရီခန့်က လဲကျသေဆုံးခဲ့တာကို ရပ်ကွက်နေပြည်သူတွေက သက်ဆိုင်ရာတာဝန်ရှိသူတွေဆီ အကြောင်းကြားခဲ့တယ်လို့ သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့ကနေ သိရပါတယ်။

အဆိုပါသေဆုံးတဲ့အမျိုးသားဟာ အိမ်ခြေမဲ့အမျိုးသားတစ်ဦးလို့ အနီးအနားနေထိုင်သူတွေရဲ့ ပြောပြချက်အရ သိရှိရပြီး လမ်းလျှောက်လာရင်းနဲ့ ပစ္စည်းဟောင်းဝယ်တဲ့ဆိုင်ရှေ့အရောက်မှာ ယိုင်ထိုးပြီး ဆိုင်တံစက်မြိတ်အောက်က ပစ္စည်းအဟောင်းပုံပေါ် လဲကျသွားလို့ အနီးအနားနေသူတွေက ရေတိုက်ကာ ပြုစုပေးပေမယ့် သေဆုံးသွားခဲ့တယ်လို့ အောင်နိုင်သူ လူမှုကူညီရေးအသင်းတာဝန်ရှိသူက MT News ကို ပြောပါတယ်။
အဆိုပါအမျိုးသားရဲ့ ရုပ်အလောင်းကို အောင်နိုင်သူလူမှုကူညီရေးအသင်း နိဗ္ဗာန်ယာဉ်နဲ့ စံပြဆေးရုံကြီးကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် လားရှိုးမြို့နယ်၊ လွိုင်လင်ကျေးရွာက ဘောလုံးကွင်းထဲမှာ တဲထိုးနေထိုင်တဲ့ အိမ်ခြေမဲ့အမျိုးသားကြီးတစ်ဦး အာဟာရပြတ်ကာ အားအင်ချည့်နဲ့သေဆုံးခဲ့တဲ့ ဖြစ်စဥ်ကလည်း မနေ့က ဇူလိုင်လ ၁၆ ရက် ည ၇ နာရီခန့်မှာ ဖြစ်ပွားခဲ့တယ်လို့ လားရှိုးမြို့နယ် ပရဟိတအသင်းကနေ သိရပါတယ်။
အဆိုပါအမျိုးသားဟာ ပြင်ဦးလွင်ဇာတိဖြစ်ပြီး မိသားစုနဲ့လည်း အဆက်အသွယ်ရရှိပြီလို့ အဆိုပါ ပရဟိတအသင်း တာဝန် ရှိသူက ဆိုပါတယ်။ ဖြစ်စဥ်နေရာကို လားရှိုးမြို့မရဲစခန်းက နယ်ထိန်းဦးဆောင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လွိုင်လင်ကျေးရွာအုပ်ချုပ်ရေးမှူးတို့ပူးပေါင်းကာ လာရောက်စစ်ဆေးပြီး လားရှိုးလူငယ်ပရဟိတအဖွဲ့ကို ရုပ်အလောင်းလာရောက်ကူညီ သယ်ဆောင်ပေးဖို့ တာဝန်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
တဲအတွင်း အနံ့သက်ဆိုးရွားစွာနဲ့ သေဆုံးနေတဲ့ အဆိုပါအမျိုးသားကြီးရဲ့ ရုပ်အလောင်းကို လားရှိုးလူငယ်ပရဟိတအဖွဲ့ရဲ့ နိဗ္ဗာန်ယာဥ်နဲ့ လားရှိုးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့ပြီး ရင်ခွဲရုံက PR-004 နဲ့ လက်ခံထားတယ်လို့ သိရပါတယ်။