၁၇. ၇. ၂၀၂၃
Written by Thettant
NLD အစိုးရဟောင်းလက်ထက် ၂၀၁၇ ခုနှစ်တုန်းက မှော်ပညာသင်တန်းကျောင်းဖွင့်လှစ်မှုနဲ့ ထောင်ကျဖူးသူ လင်းညှို့တာရာ (ခ) ဟိန်းမင်းအောင်ဟာ လက်ရှိအစိုးရလက်ထက်မှာ ဒုတိယအကြိမ် ဖမ်းဆီးခံထားရပါတယ်။
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေဖို့ရည်ရွယ်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ် လှုံ့ဆော်တာ၊ ဝါဒဖြန့်တာ ပြုမူလုပ်ဆောင်ခဲ့တာကြောင့် “Hein Min Aung (Linn Nhyo Taryar)” Facebook အကောင့်ပိုင်ရှင်ဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၇)ရပ်ကွက်နေ လင်းညှို့တာရာ (ခ) ဟိန်းမင်းအောင်ကို ၂၀၂၃ ခုနှစ် ဇူလိုင် ၁၅ ရက် နံနက် ၁၁ နာရီ ၁၀ မိနစ်အချိန်မှာ ဖမ်းဆီးခဲ့တာလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
လင်းညှို့တာရာဟာ NLD အစိုးရဟောင်းလက်ထက် ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာ အာဖရိကအောက်လမ်း ဗူးဒူး (Voodoo) ပညာရပ်နဲ့ အရှေ့တိုင်း ရုပ်သွင်း နာမ်ထား ပညာရပ်တွေကို သင်ကြားပေးမယ်လို့ Wizardry School of Myanmar သင်တန်းကျောင်းအမည်နဲ့ ကြေညာခဲ့တာကြောင့် သင်တန်းကျောင်းကို ချိပ်ပိတ်ပြီး ပထမအကြိမ် ဖမ်းဆီးခံခဲ့ရမှုမှာ ခြေချုပ်နဲ့ ခံဝန်ဥပဒေ ပုဒ်မ ၅၁ (စ) နဲ့ (ဆ) နဲ့ အမှုဖွင့်ခံခဲ့ရပြီး ထောင်လေးလ ကျခဲ့တာပါ။
နိုင်ငံရေးဖြစ်စဉ်တွေ စတင်ဖြစ်ပွားတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁၀ ရက်မှာ ပုဒ်မ ၅၀၅ (ခ)နဲ့ ဖမ်းဆီးခဲ့ပြီး ထောင် ၂ နှစ် ချခံခဲ့ရတာက ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၄ ရက်မှာ ပြန်လည်လွတ်မြောက်လာပြီး လက်ရှိကတော့ တတိယအကြိမ် အဖမ်းခံရတာပါ။