October 18, 2024

၁၇.၇.၂၀၂၃
Written By Thandar

Idiots အဖွဲ့ဝင် တေးရေး တေးဆို အဆိုတော်ရေမွန်ရဲ့အကြောင်း ရေးသားထားတဲ့ အတ္ထုပ္ပတ္တိစာအုပ် ထုတ်သွားမယ်လို့ မိခင်ဖြစ်သူ ဒေါ်ခင်မြတ်မွန်က MT News ကို ပြောပါတယ်။

“အဆိုတော်ရေမွန်ဖြစ်လာတဲ့ အချိန်မှာ သူ့ရဲ့အကြောင်းတွေကို အင်တာဗျူးတွေလည်း ဖြေတယ်။ စာအုပ်တွေလည်း အများကြီးရှိတယ်။ သူ့သူငယ်ချင်းတွေလည်းရှိတော့ သူ့အကြောင်းတော့ သိကြမှာပါ။ တစ်ယောက်နဲ့ တစ်ယောက် သိတဲ့ အတိုင်းအတာချင်းတော့ တူချင်မှ တူမှာပေါ့နော်။ အန်တီကတော့ သူ့အမေဖြစ်တဲ့အတွက် သူ့အကြောင်း ပိုသိတာပေါ့။ သူငယ်ငယ်လေးကတည်းက ဖြတ်သန်းခဲ့ရတဲ့ အဖေမရှိတဲ့ဘဝ သူဘယ်လိုရုန်းကန်ဖြတ်သန်းခဲ့လဲ။ သူဂီတပိုင်းကို ဘယ်လောက်တောင် ရူးသွပ်ခဲ့ရလဲ။ ဘယ်လောက်တောင် ပေးဆပ်ခဲ့ရလဲဆိုတာကို ရေးပြမှာပါ။ သူ တော်တော်လေးကို ရုန်းကန် ကြိုးစားရတယ်။ နှိပ်ကွပ်တာတွေ နှိမ်တာတွေလည်းခံရတယ်။ ပြသနာတွေအမျိုးစုံတက်ကြတာတွေလည်း ရှိတယ်။ အဲဒါလေးကို အကုန်ရေးပြမှာပါ”လို့ Vocal Trainer ဒေါ်ခင်မြတ်မွန်က ပြောပါတယ်။

ရေမွန်ဟာ အဖေမရှိဘဲ ဘဝကို အခက်အခဲတွေနဲ့ ရပ်တည်ခဲ့ပြီး ငယ်ရွယ်စဉ် ဘဝအချိန်က စတင်ကာ အဆိုတော်မဖြစ်ခင်ကာလ ရုန်းကန်ရမှုတွေအကြောင်း၊ အဆိုတော်ရေမွန်ဖြစ်လာအချိန်မှာ တွေ့ကြုံရတဲ့အကြောင်းအရာတွေ အားလုံးကို စာအုပ်ထဲမှာထည့်သွင်း ရေးသားဖော်ပြသွားမယ်လို့ သိရပါတယ်။

ရေမွန် (ခ) တွတ်ပီဟာ အသက် ၃၃ နှစ်အရွယ် ၂၀၂၁ ခုနှစ် ဇွန်လ ၂၃ မှာ အစာအိမ်သွေးကြောပေါက်ရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ သားဖြစ်သူ ရေမွန်ဆုံးပါးသွားတာ အချိန်တစ်ခု ကြာမြင့်နေပေမဲ့ ဒီနေ့အချိန်ထိ အဆိုတော်ရေမွန်သီဆိုခဲ့တဲ့ တေးသီချင်းတွေကြားရင် မျက်ရည်ကျတဲ့အထိ ဝမ်းနည်းမိတယ်လို့ ဆိုပါတယ်။

“သူဆုံးပြီးကတည်းက အခုထိ သူ့သီချင်းနားထောင်လို့မရဘူး။ သူ့ဗီဒီယို ကြည့်လို့မရသေးဘူး။ သားရဲ့သီချင်းတွေနားထောင်ရင် အခုအချိန်ထိ မျက်ရည်ပေါက်ပေါက်ကျမိနေတုန်းပါပဲ။ အချိန်တစ်ခုကြာပြီဆိုတော့ ငါလည်း နားထောင်လို့ ရလောက်ပါပြီ။ ငါခံနိုင်ရည်ရှိလောက်ပြီထင်ပေမယ့် မရဘူး။ သူ့သီချင်း ကြားတိုင်းငိုမိတယ်”လို့ သူမကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *