October 18, 2024

ဇူလိုင်လ ၁၃ ရက်က ထိုင်းပါလီမန်တွင် ဝန်ကြီးချုပ်နေရာအတွက် ပူးတွဲမဲရွေးပွဲ ကျင်းပ‌နေစဉ်

၁၇.၇.၂၀၂၃.
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ ပါလီမန်၌ ဇူလိုင် ၁၃ ရက်က ဝန်ကြီးချုပ်ရွေးပွဲကျင်းပမှုတွင် MFP ပါတီခေါင်းဆောင် ပီတာလင်ဂျာရွန်းရတ်အား အထက်လွှတ်တော်အမတ်အများစုက မထောက်ခံခဲ့ကြသည့်အတွက် ပီတာ၏ ဝန်ကြီးချုပ်ဖြစ်ရေးကြိုးစားမှု ပျက်ပြားခဲ့ရပြီးနောက်တွင် MFP ပါတီထောက်ခံသူများက လူမှုကွန်ရက်ပေါ်မှနေ၍ အထက်လွှတ်တော်အမတ်များအား တိုက်ခိုက်စော် ကားနေမှုများအပေါ် အထက်လွှတ်တော်အမတ်များကလည်း ပြန်လည်ပြစ်တင် ပြောကြားခဲ့ကြကြောင်း သိရသည်။

အထက်လွှတ်တော်အမတ် ၂၄၉ ဦးအနက် ဇူလိုင်လ ၁၃ ရက် ဝန်ကြီးချုပ်နေရာ ပူးတွဲမဲရွေးပွဲသို့ အထက်လွှတ်တော်အမတ် ၂၀၆ ဦး တက်ရောက်၍ ၄၃ ဦးပျက် ကွက်ခဲ့ကြသည်။ ၎င်းတို့အနက် ၁၃ ဦးကသာ ဝန်ကြီးချုပ်အဖြစ် အဆိုပြုထားသော MFP ပါတီမှ ပီတာအား ထောက်ခံမဲပေးခဲ့ကြပြီး ၃၄ ဦးက ကန့်ကွက်မဲပေးခဲ့ကြကာ ၁၅၉ ဦး က မဲမပေးဘဲနေခဲ့ကြသည်။

အဆိုပါမဲပေးပွဲပြီးသည်မှစ၍ ပီတာကိုထောက်ခံသူများက မဲပေးပွဲတွင် ပီတာအား ကန့်ကွက်မဲ (သို့မဟုတ်) မဲမပေးဘဲနေခဲ့သူအမတ်များအား လူမှုကွန်ရက်တွင် တိုက်ခိုက်မှုပြုခဲ့ကြသည်။ အထက်လွှတ်တော်အမတ်များ၏မိသားစုဝင်များနှင့် ၎င်းတို့ပိုင်ဆိုင်လည်ပတ်နေသော စီးပွားရေးလုပ်ငန်းများကိုလည်း လူမှုကွန်ရက်တွင် ဇူလိုင်လ ၁၄ ရက်မှစ၍ တိုက်ခိုက်မှုများပြုလာသည်ကို တွေ့ရသည်။

ပီတာ့ကို ထောက်ခံသူတို့က အထက်လွှတ်တော် အမတ်များပိုင်ဆိုင်သည့် ဈေး၊ အာမခံကုမ္ပဏီ၊ အလှပြင်ဆေးခန်းနှင့်ဘောလုံးအသင်းတို့အပါအဝင် စီးပွားရေးလုပ်ငန်းများကို လူမှုကွန်ရက်တွင် ဖော်ထုတ်ကာ ပြည်သူများက သပိတ်မှောက်မှုပြုရန် လှုဆော်ခဲ့ကြသည်။

ပူးတွဲမဲပေးပွဲ၌ မဲမပေးဘဲနေခဲ့သူ အထက်လွှတ်တော်အမတ် ခူညှင်းပွန်တစ် ရိုဂျာနာဆူနန်က MFP ပါတီထောက်ခံသူများ၏ အထက်လွှတ်တော်အမတ်များနှင့် ၎င်းတို့၏မိသားစုများကို တိုက်ခိုက်နှောင့်ယှက်နေမှုများအား ဇူလိုင်လ ၁၅ ရက်တွင် လူမှုကွန်ရက် Facebook ၌ ရှုတ်ချရေးသားခဲ့သည်။ ခူညှင်းက ၎င်းထံ ပီတာ့ကို ထောက်ခံမဲပေးရေး လာရောက်ဆွေးနွေးသူ MFP ပါတီ ကိုယ်စားလှယ်များနှင့် ထိုကိစ္စကိုပြောကြားခဲ့ရာတွင် ၎င်းတို့က ပါတီထောက်ခံသူများ၏ ထိုသို့တိုက်ခိုက်နှောင့်ယှက်နေမှုများအား သဘောမတူပါကြောင်း၊ သို့သော် မည်သို့ဆောင်ရွက်ရမည်ကို မသိဖြစ်နေကြောင်း ပြောခဲ့ကြသည်ဟု လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

ပူးတွဲမဲပေးပွဲတွင် မဲမပေးဘဲနေခဲ့သော အခြားအထက်လွှတ်တော်အမတ်တစ်ဦးဖြစ်သည့် ရွန်ဝါရစ်ကလည်း အကယ်၍ MFP ပါတီအနေဖြင့် တော်ဝင်မိသားစုကို စော်ကားမှုများအား ဥပဒေအရအရေးယူရန် ပြဌာန်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁၂ ကို ပြင်ဆင်ရန်ကြိုးစားမှုကို ပြန်လည်မရုပ်သိမ်းလျှင် ဇူလိုင်လ ၁၉ ရက် ဝန်ကြီးချုပ်နေရာ ပူးတွဲမဲရွေးပွဲ ဒုတိယအကြိမ်၌လည်း ပီတာအနေဖြင့် ဝန်ကြီးချုပ်နေရာကို ရရှိလိမ့်မည်မဟုတ်ဟု ပြောခဲ့သည်။

MFP ပါတီထောက်ခံသူများက ပီတာ့အား ကန့်ကွက်မဲ (သို့မဟုတ် )မဲမပေးဘဲနေခဲ့သည့် အထက်လွှတ်တော်အမတ်များ တာဝန်မှနုတ်ထွက်ကြရေးအတွက် ဇူလိုင်လ ၁၆ ရက်က ဘန်ကောက်မြို့တွင် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသေးသည်။

Ref—–BangkokPost

Leave a Reply

Your email address will not be published. Required fields are marked *