
၁၇.၇.၂၀၂၃
Written By Thandar
မိဘမေတ္တာဖွဲ့ဒရာမာပုံစံ “ဥခွံ” ရုပ်ရှင်ဇာတ်ကားကြီး စာနယ်ဇင်းမိတ်ဆက်ပွဲကို ဇူလိုင် ၁၆ ရက် ညနေပိုင်းက ရန်ကုန်မြို့ မြခွာညို အိမ်ယာရှိ အမှတ် (၉) Silver Egg ရုပ်ရှင်ရုံခန်းမမှာ ကျင်းပခဲ့ပါတယ်။
“ဥခွံရိုက်တုန်းက ရွှေမှုရတီ တော်တော်ငယ်သေးတယ်။ ရွှေမှုက ကျပ်သိပ်မပြည့်တဲ့ အရူးမလေးပေါ့။ ဇာတ်လမ်းလေးက တော်တော်ကောင်းတယ်။ ဒါရိုက်တာ အကယ်ဒမီ ညွှန့်မြန်မာညီညီအောင် ရိုက်တာပါ။ ပထမဗီဒီယိုအနေနဲ့ ရိုက်ဖို့ကို ဇာတ်လမ်းအရမ်းကောင်းလို့ ရုပ်ရှင်ကားကြီး ရိုက်ဖြစ်သွားတာပါ။ ကျွန်မ Daily ကြေးနဲ့ ရိုက်ချင်လွန်းလို့ ဝင်ရိုက်ခဲ့တာ။ ခုလည်း အနုပညာကြေးတွေ ပိုမရပါဘူး။ ကားရိုက်ရတာပျော်လို့ကို ရိုက်နေတာပါ။ မှတ်မှတ်ရရ ချောရတနာနဲ့ ရန်ဖြစ်ရတဲ့ ဆင်းန်တွေလည်း ပါပါတယ်။ ကျွန်မတို့က သူ့ညီမကို အရူးမလို့ပြောရင် မကြိုက်ဘူး”လို့ သရုပ်ဆောင် မျိုးမျိုးခိုင်က ပြောပါတယ်။
အောင်သီရိထုတ်လုပ်ရေးက ဇာတ်လမ်း ဆန်းဒေး၊ ဇာတ်ညွှန်း ထက်မြတ်နိုင်ဇင်နဲ့ မင်းခိုက်စိုးစံတို့က ရေးသားထားပြီး ဒါရိုက်တာ အကယ်ဒမီ ညွန့်မြန်မာညီညီအောင်က မိဘမေတ္တာဖွဲ့ဒရာမာ ဇာတ်လမ်းလေးပုံစံ “ဥခွံ”ကို ရန်ကုန်နဲ့ ပြင်ဦးလွင် မှာ သွားရောက် ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။ သရုပ်ဆောင်ဖြစ်တဲ့ အကယ်ဒမီ ရွှေမှုရတီ အထူးပါဝင်သရုပ်ဆောင်ထားသလို အကယ်ဒမီ စိုးမြတ်သူဇာ၊ အကယ်ဒမီ ချောရတနာ၊ နေဒွေး၊ ထူးသာ၊ တက္ကသိုလ် ဂွမ်းပုံ၊ မျိုးမျိုးခိုင်စတဲ့ အနုပညာရှင်တွေပါဝင်ထားတာလည်း ဖြစ်ပါတယ်။
“ဒီကားကို ပြမယ်ပြောတဲ့အချိန်မှာ ကျွန်မက အရမ်းမျက်ရည်လွယ်တဲ့အထဲမှာ မပါဘူး။ စိတ်လည်းမာတယ်။ အသည်းလည်းခိုင်တယ်။ ဥခွံကားကို ပြသင့် မသင့်ကြည့်ချိန်မှာ ဒီကားက ကျွန်မကို မျက်ရည်ကျအောင် အနည်းဆုံး ၃ ခါလောက်ကျအောင်လုပ်ခဲ့တယ်။ ရုပ်ရှင်ကြည့်ရင်း မျက်ရည်ကျရတာလည်း အရမ်းရှက်တာလေ။ ဥခွံက လူတွေအတွက် ခံစားချက်တွေကို ပေးတယ်လို့ထင်ပါတယ်။ ကျွန်မ ကိုယ်တိုင်ကြည့်ပြီး ကြိုက်လို့ပြသဖြစ်တာပါ “လို့ ငွေဥအွန်လိုင်း ရုပ်ရှင်ရုံတည်ထောင်သူ ငွေတီဦးက ပြောပါတယ်။

“ဥခွံ” ဇာတ်ကားကို ဇူလိုင် ၂၀ ရက်ကနေ ဇူလိုင် ၃၁ ရက်အထိ Pre Ticket ဝယ်ယူသူကို ၄၀ ရာခိုင်နှုန်း စျေးလျော့ပေးမှာဖြစ်ပြီး လက်မှတ်တစ်စောင် ၁၅၀၀ ကျပ်၊ သြဂုတ်လ ၁ ရက်ကနေ သြဂုတ်လ ၁၀ ရက်အထိ Pre Ticket ဝယ်ယူသူကို ၂၀ ရာခိုင်နှုန်းနဲ့ လက်မှတ်တစ်စောင် ၂၀၀၀ ကျပ်နှုန်းနဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ Pre Ticket ဝယ်ယူသူတွေကို ကျပ် ၁၀ သိန်းအထက်ရှိ စိန်လက်စွပ်တစ်ကွင်း၊ ကျပ်တစ်သိန်းဆု ၂၀ ဆု၊ နောက်ဇာတ်ကားတွေအတွက် Free Ticket အစောင် ၅၀ ကို ကံစမ်းမဲဖောက်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ “ဥခွံ” ကို Silver Egg Cinema မှာ သြဂုတ်လ ၁၁ ရက်မှာ စတင်ပြသမှာလည်း ဖြစ်ပါတယ်။