၁၇.၇.၂၀၂၃
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြိုနယ် (၁၆) ရပ်ကွက်၊ ကမ္ဘောဇလမ်းမှာရှိတဲ့ ယွန်းယွန်းဆန်ဆိုင်က ဆန်ဆိုင်ပိုင်ရှင်တစ်ဦး လူမှုရေးကိစ္စ ကြားဝင်ဖြန်ဖြေရာကနေ ဓားနဲ့ ထိုးခံရတဲ့ ဖြစ်စဉ် ဒီနေ့ ဇူလိုင်လ ၁၇ ရက် မနက် ၈ နာရီ ဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ လှိုင်သာယာမြိုုနယ်အခြေစိုက် ပရဟိတအဖွဲ့ကနေ သိရပါတယ်။
ဖြစ်စဉ်ဟာ ဆိုင်ရှိဝန်ထမ်းအချင်းချင်း လူငယ်သဘာဝ အချစ်ရေးရာပြဿနာကို ဆိုင်ဝန်ထမ်းအမျိုးသမီးရဲ့ အစ်ကိုတော်စပ်သူက မကျေနပ်လို့ လာရောက်ပြောဆိုတာကို ဆိုင်ရှင်က ဖျောင်းဖျဖြေရှင်းရာက အသက် (၄၁) နှစ်အရွယ် ဆိုင်ရှင် ကိုဇော်မျိုးအောင် လည်ပင်းကို ဓားနဲ့ထိုးမိသွားတာဖြစ်တယ်လို့ CCTV မှတ်တမ်းတွေအရ သိရတယ်လို့ ကရုဏာမိုး လူမှုကူညီရေးအသင်း ဥက္ကဋ္ဌက ပြောပါတယ်။
“ကျွန်တော်ကလည်း အဲ့ဒီအနီးအနားဆိုတော့ ဖြစ်ဖြစ်ချင်းရောက်သွားတယ်။ ဒဏ်ရာကများပေမယ့် ဆေးရုံကို ၁၀ မိနစ်အတွင်းရောက်တော့ သွေးထွက်မလွန်ဘူး။ အခု ဒဏ်ရာကို ချုပ်ပြီးလို့ လူနာစကားလည်းပြောနိုင်နေပါပြီ။ ဓားနဲ့ ထိုးတဲ့သူက ထိုးပြီးပြေးတာမို့ သက်ဆိုင်ရာက လိုက်လံစုံစမ်းစစ်ဆေးနေပါတယ်”လို့ MT News ကို ပြောပါတယ်။
ဓားဒဏ်ရာရရှိခဲ့တဲ့လူနာကို ကရုဏာမိုး ပရဟိတအသင်းပိုင် သူနာတင်ယာဉ်နဲ့ လှိုင်သာယာဆေးရုံကြီး အရေးပေါ်ကုသရေးဌာနကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။