October 18, 2024

MT News

Written By Thandar

ဖဲရိုက်ကျွမ်းကျင်တဲ့ ဝါရင့်အနုပညာရှင်တွေပါ ပါဝင်လာမယ့် “ရှမ်းကိုးမီး” SHAN-KOE-MEE ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်မယ့် သရုပ်ဆောင်‌တွေ မိတ်ဆက်ပွဲကို ဇူလိုင် ၁၆ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ လှိုင်မြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းရှိ လှိုင်မင်္ဂလာခန်းမ ကျင်းပခဲ့ပါတယ်။

“ကျွန်တော့်အနေနဲ့ သားညီတို့ မကြီးစိုးတို့ ဖဲရိုက်တာလည်း သိတော့ ဇာတ်ကားမှာပါဝင်ဖို့ လုပ်လိုက်တာပါ။ ကျွန်တော် ဇာတ်ကားတော်တော်များများ ဇာတ်သိမှာစိုးလို့ ဝှက်ထားတာများတယ်။ အခုက ဒီဇာတ်ကားမှာ မကြီးစိုးတို့ သားညီတို့နဲ့ တခြား သရုပ်ဆောင်တွေကို ဒီကားရဲ့အကြောင်းအရာတချို့ ၈၀ ရာခိုင်နှုန်းပေးပြီး အသိပေးထားပါတယ်”လို့ ဒါရိုက်တာညိုမင်းလွင်က ပြောပါတယ်။

အဆိုပါအခမ်းအနားမှာ Mutory Super Star Show ပွဲ အခမ်းအနား အစီအစဉ်နဲ့ အဆိုတော်တွေဖြစ်တဲ့ နိုရာ၊ မီးနို စတဲ့သူတွေက တေးသီချင်းတွေနဲ့ဖျော်ဖြေခဲ့သလို Mutory ဇာတ်လမ်းတွဲက သရုပ်ဆောင်တွေကလည်း တေးသီဆို ဖျော် ဖြေမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒီဇာတ်ကားရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းပိုင်းအပြင် ဒါရိုက်တာအဖြစ်နဲ့ ညိုမင်းလွင်က Action Comedy ဇာတ်လမ်းပုံစံရိုက်ကူးမယ့် “ရှမ်းကိုးမီး”မှာ ပါဝင်သရုပ်ဆောင်မယ့် ဝါရင့်အနုပညာရှင်တွေက အကယ်ဒမီ စိုးမြတ်သူဇာ၊ သားညီတို့အပြင် ဂူးဂူ Game Streamer၊ မေ့ချစ်သက်၊ မင်းသိမ်းကျော်၊ ရှင်းသန့်ရွှေ၊ မင်းသွေးလျှံ၊ ကိုရွှေ စတဲ့သူတွေကို မိတ်ဆက်ပေးပြီး ဂိမ်းတွေ ဆော့ကစားခဲ့ကြပါတယ်။

“ကျွန်တော်တို့ ရုပ်ရှင်သမားတွေ ဖဲရိုက်တယ်ဆိုတာ အဆန်းမဟုတ်ပါဘူး။ ရုပ်ရှင်သမားတိုင်း နယ်ဇာတ်ကားသွားရိုက်ရင် ဖဲရိုက်ကြတာများတယ်လေ။ ဇာတ်ပို့ ဇာတ်ရံတွေက တစ်ဝိုင်း။ စက်အဖွဲ့က တစ်ဝိုင်း။ မင်းသားမင်းသမီးတွေလည်း တစ်ဝိုင်း ဖဲရိုက်ကြတာပါပဲ။ လောင်းကစားရယ်လို့ မဟုတ်ဘဲ အပျော်ရိုက်ကြတာပဲလေ”လို့ သူ့ကဆက်ပြောပါတယ်။

“ရှမ်းကိုးမီး”ရုပ်ရှင်ဇာတ်ကားကို ဇူလိုင် ၂၀ ကစ ရန်ကုန်မြို့ နေရာအသီးသီးမှာ ရိုက်ကူးသွားမှာလည်းဖြစ်ပါတယ်။

ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးပုံဖော်ထားတဲ့ ရုပ်ရှင်ကားကြီးတွေဖြစ်တဲ့ “တခါက ရန်ကုန်မြို့ပြ” နဲ့ “တနင်္ဂနွေ ညကျောင်း” ရုပ်ရှင်ဇာတ်ကားတွေ မကြာခင် ရုံတင်ပြသသွားမှာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *