October 18, 2024

◾️ မဲခေါင်- ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု စီးပွားရေးကောင်စီ ထူထောင်သွားရေးတို့ကိုပါ သဘောတူညီခဲ့ကြ

MT News
၁၇. ၇. ၂၀၂၃

မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု၏ အလှည့်ကျ ပူးတွဲဥက္ကဋ္ဌဖြစ်သည့် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဆလုံးဆေး ကိုမာဆစ်၏ ဖိတ်ကြားချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၂) ကြိမ်မြောက် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ပြီး မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု၏ အလှည့်ကျ ပူးတွဲဥက္ကဋ္ဌတာဝန်ကို လာအိုနိုင်ငံထံမှ လွှဲပြောင်းလက်ခံရယူခဲ့သည်။

အဆိုပါအစည်းအဝေး၌ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဆလုံးဆေးကိုမာဆစ်နှင့် အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီး ဒေါက်တာအက်စ်ဂျိုင်ရှန်ကာတို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ခဲ့ကြပြီး၊ မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။ ကမ္ဘောဒီးယားဘုရင့်နိုင်ငံအစိုးရ၏ အကြီးတန်းအကြံပေး ဒေါက်တာ ဆုတ်ခ်စီဖားနား၊ ထိုင်းဘုရင့်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာ မွတ်(ဒ်)ဝီနိုင်းတို့ အစည်းအဝေးသို့ လူကိုယ်တိုင်တက်ရောက်ခဲ့ကြကာ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဗွီသန်းစွန်းက ဗွီဒီယိုကွန်ဖရင့် စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးများသည် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အမြန်လမ်းစီမံကိန်းနှင့်ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုနှင့် အလားအလာများကို ပြန်လည်သုံးသပ်ခဲ့ကြသည်။ အလားတူ မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် အနာဂတ်အစီအစဉ်များအပေါ်  အမြင်ချင်း ဆွေးနွေးဖလှယ်ခဲ့ကြသည်။

အစည်းအဝေး၌ မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှုအောက်ရှိ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များ၌ ဦးဆောင်နိုင်ငံထားရှိမည့်စနစ်ကို အကောင်အထည်ဖော်သွားရေးနှင့် မဲခေါင်- ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု စီးပွားရေးကောင်စီ ထူထောင်သွားရေးတို့ကို သဘောတူညီခဲ့ကြသည်။ အစည်းအဝေးရလဒ်အဖြစ် (၁၂) ကြိမ်မြောက် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၏ ပူးတွဲထုတ်ပြန်ချက်ကို အဖွဲ့ဝင်နိုင်ငံများ၏ တူညီဆန္ဒဖြင့် ထုတ်ပြန်နိုင်ခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံသည် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု၏ အလှည့်ကျပူးတွဲဥက္ကဋ္ဌတာဝန်ကို လာအိုနိုင်ငံထံမှ လွှဲပြောင်းလက်ခံရယူခဲ့သည်။ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု၏ ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆက်လက်ဆောင်ရွက်ကြမည်ဖြစ်သည်။

မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှုသည် ၂၀၀၀ ပြည့်နှစ်တွင် စတင်ထူထောင်ခဲ့သည့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်ဖြစ်ပြီး၊ ဒေသတွင်းလူမှုစီးပွားဖွံဖြိုးတိုးတက်မှု ပိုမိုရှင်သန်ခိုင်မာစေရေး ဆောင်ရွက်သည့် လုပ်ငန်းစဉ်ဖြစ်သည်။ မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှုတွင် အိန္ဒိယနိုင်ငံနှင့် မဲခေါင်ဒေသခွဲနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *