MT News
Written by Pan Ei
မကြာသေးမီက တရုတ်နယ်စပ်ဖြတ်ကျော်ဂိတ်မှာ အကောက်ခွန်အရာရှိတွေက အမျိုးသမီးတစ်ယောက်ရဲ့ ထူးဆန်းနေတဲ့ ခန္ဓာကိုယ်ကို သတိပြုမိပြီးနောက် စစ်ဆေးခဲ့ရာ သူမရဲ့အတွင်းခံဘရာစီယာထဲ ဖွက်သယ်လာခဲ့တဲ့ မြွေငါးကောင်ကို တွေ့ရှိခဲ့ရပါတယ်။
အဲ့ဒီအမျိုးသမီးဟာ ဟောင်ကောင်နဲ့ တရုတ်ပြည်မကြီးကို ဆက်သွယ်ထားတဲ့ တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်ပြည်နယ်၊ ရှန်ဇန်မြို့က ဖူတီယန်ဆိပ်ကမ်းကတစ်ဆင့် ခိုးသွင်းဖို့ ကြိုးပမ်းခဲ့တာဖြစ်ပြီး မြွေတစ်ကောင်ချင်းစီကို အိတ်တွေထဲထည့် တင်းတင်းကြပ်ကြပ် ချည်နှောင်ကာ အတွင်းခံထဲ ထည့်သယ်ခဲ့တာ ဖြစ်ပါတယ်။
အကောက်ခွန်က တာဝန်ရှိသူတွေက အဲ့ဒီအမျိုးသမီးရဲ့မြွေတွေကို နိုင်ငံတွင်းခိုးသယ်ရတဲ့ ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေမဲ့ မြွေတွေကို တိရစ္ဆာန်ရုံ တာဝန်ရှိသူတွေဆီ လုံခြုံစွာ လွှဲပြောင်းပေးခဲ့တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။
တရုတ်နိုင်ငံက လူဦးရေသန်းပေါင်းများစွာရဲ့ ၅ ဒသမ ၈ ရာခိုင်နှုန်းက တွားသွားသတ္တဝါတွေကို မွေးမြူစုဆောင်းကြတယ်လို့ ၂၀၂၁ ခုနှစ်က အစီရင်ခံစာတစ်ခုအရ သိရပြီး သူမ ခိုးသွင်းဖို့ ကြိုးစားခဲ့တဲ့ အမေရိကန်အရှေ့တောင်ပိုင်းက ပေါက်ဖွားလာခဲ့တဲ့ ပြောင်းမြွေ (Corn Snake)တွေဟာ တရုတ်နိုင်ငံမှာ တွားသွားသတ္တဝါစုဆောင်းသူတွေကြားမှာ ပိုမိုရေပန်းစားနေတာပါ။
တရုတ်ဆိပ်ကမ်းတွေကတစ်ဆင့် မြွေတွေကို ခိုးသယ်ဖို့ ကြိုးပမ်းမှုတွေကို ဖမ်းမိတာဟာ အခုဖြစ်စဉ်က နှစ်လအတွင်း ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ဇွန်လကလည်း အမျိုးသားတစ်ဦးဟာ သူ့ရဲ့ဝါဂွမ်းခြေအိတ်အတွင်းမှာ လူကြိုက်များတဲ့ အိမ်မွေးတိရစ္ဆာန်ဖြစ်တဲ့ စပါးအုံးမြွေခြောက်ကောင်ကို ဝှက်ယူလာတာကြောင့် ဖမ်းဆီးခံခဲ့ရဖူးပါတယ်။
Ref; NewYork Post