
MT News
Written by Nay Aung
အိန္ဒိယအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အားပေးထောက်ခံကြောင်းနှင့် လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေး ပြန်လည်ရရှိရန်လိုအပ်ကြောင်းအိန္ဒိယ ပြည်ပရေးရာဝန်ကြီး Jaishankar က ထုတ်ဖော်ပြောဆိုလိုက်သည်။
အိန္ဒိယ ပြည်ပရေးရာဝန်ကြီးသည် ဇူလိုင် ၁၆ ရက်နေ့က ထိုင်းနိုင်ငံတွင်ကျင်းပသော Mekong Ganga Cooperation Mechanism အစည်းအဝေးနှင့် BIMSTEC အဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး နားနေချိန်အတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့်တွေ့ဆုံဆွေးနွေးချိန်တွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။
၎င်းက ” အိန္ဒိယဟာ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေကို ထောက်ခံပါတယ်။လက်ရှိအချိန်မှာ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေး ပြန်လည်ရရှိဖို့လိုအပ်နေတယ်။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေး ပြန်လည်ရရှိစေဖို့အာဆီယံအဖွဲ့နဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်နေတယ်” ဟုပြောသည်။
ထို့အပြင် အိန္ဒိယပြည်ပရေးရာဝန်ကြီးက “နယ်စပ်ဒေသမှာ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးတို့ ရရှိဖို့ အဓိကအရေးကြီးနေပါတယ်။ မကြာသေးမီက မြန်မာနဲ့အိန္ဒိယနယ်စပ်မှာဖြစ်ခဲ့တဲ့ အရာတွေဟာ အကြီးအကျယ်စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ နယ်စပ်ဒေသအခြေအနေတွေကို ပိုမိုဆိုးရွားနိုင်ဖွယ်ရှိတဲ့ လုပ်ရပ်မျိုးတွေ ရှောင်ရှားသင့်တယ်။ နယ်စပ်ဒေသမှာ လူကုန်ကူးမှုတွေ၊ မူးယစ်မှောင်ခိုမှုတွေ ဖြစ်ပွားနေတာတွေနဲ့ပတ်သက်ပြီး စိုးရိမ်ရတယ်။ လူကုန်ကူးခံရသူများကို မိခင်နိုင်ငံထံ စောလျင်စွာ ပြန်ခေါ်ယူရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်စေလိုတယ် ” ဟုပြောသည်။
အိန္ဒိယပြည်ပရေးရာဝန်ကြီးနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့သည် အိန္ဒိယ-မြန်မာ-ထိုင်းနိုင်ငံတို့ကိုချိတ်ဆက်ဖောက်လုပ်နေသော အဝေးပြေးလမ်းစီမံကိန်းနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြောင်းသိရသည်။ အဆိုပါအဝေးပြေးလမ်းစီမံကိန်းသည် လက်ရှိအချိန်တွင်ဖောက်လုပ်မှု ၇၀ ရာခိုင်နှုန်းနီးပါးသာ ပြီးစီးသေးကြောင်း သိရသည်။
Ref- hindustantimes