MT News
Written by Thettant
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ ဆင်အိုင်မကျေးရွာအနီး လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား PDF များက ဇူလိုင် ၁၅ ရက်နေ့တွင် လက်နက်ကြီး/လက်နက်ငယ်များဖြင့် လာရောက်တိုက်ခိုက်၍ ကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ကျေးရွာရှိ စာသင်ကျောင်း ၁ ကျောင်း အပါအဝင် လူနေအိမ်များ မီးလောင်ပျက်စီးခဲ့ပြီး အရပ်သားပြည်သူအချို့ သေဆုံး ဒဏ်ရာရရှိကာ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ ဆင်အိုင်မကျေးရွာအနီး လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF များက ဇူလိုင် ၁၅ ရက် နံနက် ၆ နာရီ ၄၀ မိနစ်ခန့်တွင် တစ်ကြိမ်၊ နံနက် ၁၁ နာရီခွဲခန့်တွင် တစ်ကြိမ် လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြု၍ အင်အားအလုံးအရင်းဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် PDF များသည် ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
ထိုသို့ ဆုတ်ခွာထွက်ပြေးစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များ ၎င်းတို့၏ နောက်သို့ ထပ်ကြပ်လိုက်လံချေမှုန်းတိုက်ခိုက်ခြင်း မပြုနိုင်ရန် ကျေးရွာအတွင်းရှိ လူနေအိမ်များအား မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ခြင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။
အဆိုပါ PDF များ ဆုတ်ခွာထွက်ပြေးစဉ် ကျေးရွာရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် လူနေအိမ် ၆၅ လုံးနှင့် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ၁ ကျောင်း မီးလောင်ပျက်စီးသွားခဲ့ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျေးရွာနေ အရပ်သားပြည်သူ ၁ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဆင်အိုင်မကျေးရွာသည် PDF များက ပျုရွာအဖြစ်သတ်မှတ်ထားပြီး အင်အားအလုံးအရင်းဖြင့် မကြာခဏ လာရောက် ပစ်ခတ်တိုက်ခိုက်နေကာ ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ကလည်း ထိုသို့လာရောက်တိုက်ခိုက်မီးရှို့မှုကြောင့် နေအိမ် ၃၀ ခန့်ပျက်စီးခဲ့သည့်အပြင် ဒေသခံရွာသူရွာသား ၅ ဦးလည်း သေဆုံးခဲ့ရသည်။