MT News
Written by Nay Aung
အိန္ဒိယ-မြန်မာ- ထိုင်း သုံးနိုင်ငံ ချိတ်ဆက်မည့် အဝေးပြေးလမ်းမတည်ဆောက်ရေး စီမံကိန်းသည် ခက်ခဲသောစီမံကိန်းဖြစ်သော်လည်း စီမံကိန်းကို ပြန်လည်စတင်နိုင်ရန်နည်းလမ်းရှာဖွေသွားမည်ဖြစ်ကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီး S Jaishankarက ပြောသည်။
မြန်မာ့နိုင်ငံရေးအခြေအနေများကြောင့် အဆိုပါသုံးနိုင်ငံချိတ်ဆက်မည့် အဝေးပြေးလမ်းမစီမံကိန်း ဆက်လက်လုပ်ဆောင်ရန် ခက်ခဲနေခြင်းဖြစ်ကြောင်းလည်း အိန္ဒိယပြည်ပရေးရာဝန်ကြီးကပြောပြီး ၎င်းသည် ဘန်ကောက်မြို့တွင်ကျင်းပမည့် ၁၂ ကြိမ်မြောက် Mekong Ganga Cooperation (MGC) ၏ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် BIMSTEC အဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတက်ရောက်ရန် ထိုင်းနိုင်ငံကိုရောက်ရှိနေကြောင်း သိရသည်။
၎င်းက “ကျွန်တော်တို့ဟာ အိန္ဒိယအရှေ့မြောက်ခြမ်းကနေ ထိုင်းနိုင်ငံကိုချိတ်ဆက်နိုင်မယ့် လမ်းဖောက်လုပ်နေတယ်။ မြန်မာနိုင်ငံကို ဖြတ်သန်းဖောက်လုပ်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ သုံးနိုင်ငံအဝေးပြေးလမ်းမကြီး စီမံကိန်းဟာ ခက်ခဲတဲ့ စိမံကိန်းဖြစ်နေတယ်။ မြန်မာနိုင်ငံရဲ့အခြေအနေတွေကြောင့် စီမံကိန်းဟာအလွန်ခက်ခဲတဲ့စီမံကိန်းဖြစ်နေတယ်။ စီမံကိန်းကို ပြန်လည်စတင်နိုင်ဖို့ နည်းလမ်းရှာနေပါတယ်။ စီမံကိန်းမှာပါဝင်တဲ့ လမ်းပိုင်းဖောက်လုပ်မှုတွေက တော်တော်များများ ပြီးစီးနေတယ်။ ဒါပေမယ့်အပြီးသတ်ဖောက် လုပ်နိုင်အောင် ဘယ်လိုမျိုးလုပ်ဆောင်ရမလဲဆိုတာကို နည်းလမ်းရှာရမယ်” ဟု ပြောသည်။
အဆိုပါစီမံကိန်းပြီးဆုံးသွားပါက လမ်းပိုင်းဆက်သွယ်မှု၊ ကုန်စည်စီးဆင်းမှု၊ ပြည်သူများလှုပ်ရှားသွားလာမှုအပါအဝင် ကြီးမားသောအပြောင်းအလဲများဖြစ်လာမည်ဖြစ်ကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီးကပြောသည်။
အိန္ဒိယ-မြန်မာ- ထိုင်းနိုင်ငံတို့ ချိတ်ဆက်မည့် အဝေးပြေးလမ်းမ တည်ဆောက်ရေး စီမံကိန်းသည် လက်ရှိအချိန်တွင် ၇၀ ရာခိုင်နှုန်းနီးပါးပြီးဆုံးနေပြီဖြစ်သော်လည်းမြန်မာနိုင်ငံရေးအခြေအနေများကြောင့် အဆိုပါစီမံကိန်းတည်ဆောက်ရန် နှောင့်နေးမှုများရှိခဲ့သည်။ အဆိုပါသုံးနိုင်ငံချိတ်ဆက်မည့် အဝေးပြေးလမ်းစီမံကိန်းသည်
အရှည် ၁၄၀၀ ကီလိုမီတာရှိပြီး အိန္ဒိယ၊ မြန်မာနှင့် ထိုင်းနိုင်ငံအကြား ကုန်သွယ်ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ခရီးသွားလုပ်ငန်းများ ပိုမိုကောင်းမွန်လာဖွယ်ရှိနေကြောင်းသိရသည်။
Ref- Outlook India