MT News
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် Move Forward Party(MFP) ပါတီထောက်ခံသူ ၇၀၀ ခန့်က ဇူလိုင်လ ၁၆ ရက် မွန်းလွဲပိုင်းတွင် ကားနှင့် ဆိုင်ကယ်အစင်းရေ ၅၀၀ ခန့်ဖြင့်စုရုံး၍ ဘန်ကောက်မြို့လယ်တွင် ဆန္ဒပြလူအုပ်တစ်ခုနှင့်ပေါင်းကာ ဇူလိုင်လ ၁၃ ရက်က ဝန်ကြီးချုပ်နေရာ ပူးတွဲမဲပေးပွဲတွင် MFP ပါတီခေါင်းဆောင် ပီတာကို မဲမပေးခဲ့ကြသည့် အထက်လွှတ်တော်အမတ်များ ရာထူးမှနုတ်ထွက်ရေး တောင်းဆိုဆန္ဒပြခဲ့ကြကြောင်း သိရသည်။
ထိုင်းစစ်တပ်မှ တိုက်ရိုက်ခန့်ထားသော အထက်လွှတ်တော်အမတ်များအနက် အများစုက ဇူလိုင်လ ၁၃ ရက်တွင် ကျင်းပခဲ့သည့် ဝန်ကြီးချုပ်နေရာ ပူးတွဲမဲပေးပွဲတွင် မဲမပေးဘဲနေခဲ့ကြသည်။ ထို့အတွက် ဆန္ဒပြသမားများက ဒီမိုကရေစီကျောက် တိုင်တွင် ဦးစွာစုဝေးကာ ရေတပ်၊ လေတပ်နှင့် ရဲဌာနချုပ်များသို့ စုဝေးချီတက်လာခဲ့ကြသည်။
ထိုသို့ ရေတပ်၊လေတပ်နှင့် ရဲဌာနချုပ်များသို့ သွားရောက်ဆန္ဒပြပြီးသောအခါ ကားများစုဝေးသည့် ဆန္ဒပြလူအုပ်က ပသူဝမ်နယ်မြေရှိ ဘန်ကောက် အနုပညာနှင့် ယဉ်ကျေးမှုဗဟိုရှေ့သို့ သွားရောက်ဆန္ဒပြခဲ့ကြသေးသည်။
ဆန္ဒပြပွဲကို ဦးဆောင်သူ အာနွန်နမ်ပါဆိုသည့် တက်ကြွလှုပ်ရှားသူက အကယ်၍ ထိုကဲ့သို့ မဲပေးခြင်းမပြုခဲ့ကြသည့် အထက်လွှတ်တော်အမတ်များ နုတ်ထွက်သွားခဲ့လျှင် အောက်လွှတ်တော်အမတ်များ၏ မဲအများစုနှင့် ကျန်အထက်လွှတ် တော်အမတ်များ၏ မဲအများစုဖြင့် ပီတာ့အနေဖြင့် ဝန်ကြီးချုပ်ဖြစ်ရန် လုံလောက်သော မဲရရှိမည်ဟု ပြောခဲ့သည်။ ၎င်းက အထက်လွှတ်တော်အမတ်များကို ဇူလိုင်လ ၁၉ ရက်တွင် ကျင်းပမည့် ဒုတိယအကြိမ် ဝန်ကြီးချုပ်နေရာ ပူးတွဲမဲပေးပွဲ၌ ပီတာ့ကိုမဲပေးကြရန်လည်း တောင်းဆိုခဲ့သည်။
ဇူလိုင်လ ၁၃ ရက်တွင် ကျင်းပခဲ့သည့် ဝန်ကြီးချုပ်နေရာပူးတွဲမဲပေးပွဲ တွင် အထက်လွှတ်တော်အမတ် ၂၄၉ ဦးအနက် ၁၃ ဦးသာ ပီတာကို ထောက်ခံမဲပေးခဲ့ကြသည်။
Ref-Bangkok Post /Photo Khaosod