MT News
Written by Hey Mar
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းမှာ ဇူလိုင်လ ၁၆ ရက်နေ့ နံနက်အစောပိုင်းက Probox ယာဥ်တစ်စီး လမ်းလယ်ကာရံထားတဲ့ တန်းကို ဝင်တိုက်မိပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့ ရှင်သန်ရေး လူမှုကူညီရေးအသင်းကနေ သိရပါတယ်။
ဇူလိုင်လ ၁၆ ရက် နံနက်အစောပိုင်း ၃ နာရီဝန်းကျင်လောက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး မိုးရွာထားတဲ့ ကတ္တရာလမ်းပေါ် အရှိန်လွန်စလစ်ဖြစ်ကာ ဖြစ်ပွားခဲ့တာဖြစ်ကြောင်း အဆိုပါ အသင်းတာဝန်ရှိသူထံက သိရပါတယ်။ ယာဥ်မောင်းအမျိုးသားမှာ မစိုးရိမ်ရတဲ့ ဦးခေါင်းပေါက်ပြဲ ပွန်းပဲ့ဒဏ်ရာလောက်သာ ရရှိပေမယ့် ကားကတော့ မီးလောင်ကျွမ်းသွားခဲ့ပါတယ် ။
ဖြစ်စဥ်ကို တာမွေမြို့နယ်မီးသတ်စခန်းက မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရှင်သန်ရေး လူမှုကူညီရေးအသင်းက ပရဟိတအဖွဲ့ဝင်တွေ ဝိုင်းဝန်းကူညီငြှိမ်းသတ်ခဲ့ကြပြီး မိနစ်ပိုင်းအတွင်း ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါဖြစ်စဥ်မှာ ရှင်သန်ရေးလူမှုကူညီရေးအသင်းက ဒဏ်ရာရရှိတဲ့ လူနာကို မြေပြင်ပြုစုကုသမှုတွေ ပြုလုပ်ပေးခဲ့ပြီး အသင်းပိုင် ရေဘောက်ဆာနဲ့ ရေအထောက်ကူပြု ကူညီခဲ့တယ်လို့သိရပါတယ်။