MT News
Written by Min Mahar
ရွှေဘိုမြို့မဈေးကြီးကို PDF အဖွဲ့မှ Drone ယာဉ်ဖြင့် Drop ဗုံး ၂ လုံး ပစ်ချတိုက်ခိုက်ခဲ့သည့်အတွက် ပေါက်ကွဲမှုဖြစ်ပွားကာ ကလေးငယ်နှစ်ဦးအပါဝင် လူ ၇ ဦးနှင့် ကိုရင် ၁ ပါးတို့ ဒဏ်ရာရရှိမှု ဇူလိုင်လ ၁၆ ရက် နံနက်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၁၆ ရက် နံနက် ၇ နာရီ ၃၀ မိနစ်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်၊ အနောက်ဈေးရပ်(ဒေသအခေါ်)၊ ရွှေဘိုမြို့မဈေးကြီးအတွင်းရှိ သားငါးတန်းပေါ်သို့ PDF အဖွဲ့များမှ Drone ယာဉ်ဖြင့် Drop ဗုံး ၂ လုံးအား ပစ်ချဖောက်ခွဲခဲ့သောကြောင့် ပေါက်ကွဲမှုဖြစ်ပွားကာ ဈေးရောင်း/ဈေးဝယ်သူများဖြစ်သည့် ကလေးနှစ်ဦးအပါဝင်လူ ၇ ဦးနှင့် ဆွမ်းခံကြွနေသော ကိုရင် ၁ ပါးတို့ကို မိုင်းစထိမှန်သွားကာ ဒဏ်ရာများအသီးသီးရရှိခဲ့ပြီး ၎င်း Drop ဗုံး ချိတ်ဆွဲလာသည့် Drone ယာဉ်သည် ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာဘက်သို့ ပျံသန်းသွားကြောင်း ၎င်းပေါက်ကွဲမှုအနီးရှိ စျေးဝယ်သူတစ်ဦးပြောပြချက်အရ သိရသည်။
အဆိုပါ Drop ဗုံးပေါက်ကွဲမှုကြောင့် အသက် ၁၈ နှစ်အရွယ်အမျိုးသမီးငယ်(ဈေးရောင်း၊ မင်းကုန်းကျေးရွာ၊ ရွှေဘိုမြို့နယ်)တွင် လည်ပင်းယာဘက်ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ယာဘက်လက်ကောက်ဝတ်ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲ/ယာခြေသလုံးပေါက်ပြဲဒဏ်ရာ(စိုးရိမ်ရ)၊ အသက် ၁၁ နှစ်အရွယ်အမျိုးသမီးငယ်(ဈေးရောင်း၊ မင်းကုန်းကျေးရွာ၊ရွှေဘိုမြို့နယ်) နေသူတွင် ဝဲ/ယာခြေဖနောင့် မိုင်းစထိမှန်ဒဏ်ရာ၊ နောက်ကျောပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)၊ အသက် ၃၁ နှစ်အရွယ်ခန့်ရှိသော အမျိုးသမီး(ဈေးရောင်း၊ အမှတ်(၄)ရပ်ကွက်၊ ရွှေဘိုမြို့)နေသူတွင် ယာဘက်လက်ကောက်ဝတ်မိုင်းစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ အသက် ၂၁ နှစ်ရွယ်ရှိသည့်အမျိုးသမီး(ဈေးရောင်း၊ ချီပါစုရပ်၊အမှတ်(၇)ရပ်ကွက်၊ ရွှေဘိုမြို့)နေသူတွင် ယာဘက်ခါးစောင်းကို မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ အသက် ၅၁ နှစ်ခန့်ရှိသောအမျိုးသမီးကြီး(ရောင်းဝယ်၊ အနောက်ဈေးရပ်၊ အမှတ်(၄)ရပ်ကွက်၊ ရွှေဘိုမြို့)နေသူတွင် ယာပေါင်ကိုမိုင်းစထိမှန်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ အသက် ၂၉ နှစ်အရွယ်ခန့်ရှိသောအမျိုးသား(ဈေးရောင်း၊ ချီပါစုရပ်၊ အမှတ်(၇)ရပ်ကွက်၊ ရွှေဘိုမြို့)နေသူတွင် ဝမ်းဗိုက်ကို မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်၊ ဝဲလက်ဖျံ မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ အသက် ၅၈ နှစ်ခန့်ရှိသော အမျိုးသားကြီး(တောင်သူ/ဈေးရောင်း၊ ချီပါစုရပ်၊ အမှတ်(၇)ရပ်ကွက်၊ ရွှေဘိုမြို့)နေသူတွင် ယာဘက်တင်ပါးကို မိုင်းစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ အသက် ၁၃ နှစ်ခန့်ကိုရင်၊ (ဝါတော် ၂ ဝါ) ဂန္ဓာရုံကျောင်းတိုက်၊ အမှတ်(၅)ရပ်ကွက်၊ ရွှေဘိုမြို့နေသူတွင် ဝဲဘက်ပေါင်အား မိုင်းစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)စသည့် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ရွှေဘိုခရိုင် လူမှုကယ်ဆယ်ရေးအဖွဲ့မှ မော်တော်ယာဉ်ဖြင့် ရွှေဘိုပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုခံယူနေကြောင်း သိရသည်။
အခင်းဖြစ်ရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ ဒဏ်ရာရရှိသူများကိုကူညီပေးခဲ့ပြီး အနီးဝန်းကျင်များအား ပိတ်ဆို့၍စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းနှင့် ရွှေဘိုမြို့မရဲစခန်းတွင်လည်း အမှုဖွင့်ထားကြောင်းလည်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။