MT News
Written by Naing Thuta
ပဲခူးမြို့တွင် သားအမိနှစ်ယောက်ထဲရှိနေသော နေအိမ်တစ်အိမ်အတွင်း လူ ၂ ဦးက သေနတ်၊ ဓားဖြင့်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများကို နေ့ခင်းကြောင်တောင် အနုကြမ်းစီးလုယက်သွားမှု ဇူလိုင်လ ၁၅ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၁၅ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်၊ အင်းဝင်(၈)လမ်း၊ လမ်းမတန်း၊ အမှတ်(၂၈၃၁) နေအိမ်တွင် လူလတ်ပိုင်းအမျိုးသမီးသည် နေအိမ်ရှေ့တွင် စာအုပ်ချုပ်နေပြီး သားဖြစ်သူမှာမူ နေအိမ်နောက်ဖေးအိမ်သာထဲ၌ရှိနေစဥ် အမည်မသိအမျိုးသား ၂ ဦးရောက်လာပြီး အသက် ၂၀ အရွယ်ခန့်ရှိသည့် အမျိုးသားလူငယ်က လွယ်အိတ်ထဲမှ သေနတ်ထုတ်ကာ အိမ်ရှင်အမျိုးသမီးအား ချိန်ရွယ်ထားပြီး အသက် ၄၀ အရွယ်ခန့်ရှိသောသူက ဓားကိုင်ဆောင်၍နေအိမ်အတွင်းဝင်၍ အခန်းထဲရှိဗီရိုအား မွှေနောက်ကာ အဝတ်များအနောက်တွင်သိမ်းဆည်းထားသော ရွှေထည်ပစ္စည်းများကို အနုကြမ်းစီးယူဆောင်သွားကြောင်း သိရသည်။
အဆိုပါအနုကြမ်းစီးသူနှစ်ဦးသည် ကလေးဆွဲကြိုး ၄ ကုံး၊ လူကြီးဆွဲကြိုး ၁ ကုံး၊ လက်စွပ် ၂ ကွင်း၊ နားကပ် ၂ ရံ၊ လက် ကောက် ၁ ကွင်းတို့အား လုယက်ယူဆောင်သွားကြောင်းနှင့် လူထိခိုက်မှုမရှိကြောင်း သိရသည်။
ဖြစ်စဉ်ဖြစ်ပွားသည့်နေရာသို့ လုံခြုံရေးတပ်ဖွဲ့များရောက်ရှိလာကာ စစ်ဆေးမှုများပြုလုပ်ပြီးနောက် နယ်မြေခံရဲစခန်းတွင် အမှုဖွင့်၍ တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေး လိုက်လံစုံစမ်းနေကြောင်း သိရသည်။