MT News
Written by Nay Aung
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် Lunglei ခရိုင်တရားရုံးသည် မြန်မာနိုင်ငံသားတစ်ဦးကို မူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းမှုဖြင့် ဇူလိုင် ၁၄ ရက်နေ့တွင် ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။
အဆိုပါတရားရုံးသည် မြန်မာနိုင်ငံသား၏အမှုကို ဇူလိုင် ၁၄ ရက်နေ့တွင် အပြီးသတ်စစ်ဆေးခဲ့ပြီးနောက် ထောင်ဒဏ်အပြင် ငွေဒဏ်လည်း ပူးတွဲချမှတ်ခဲ့ကြောင်း အိန္ဒိယရဲတပ်ဖွဲ့က ပြောသည်။ တရားရုံးသည် မြန်မာနိုင်ငံသားကို ဒဏ်ငွေအဖြစ် အိန္ဒိယရူပီး ၁သိန်း အမိန့်ချမှတ်ခဲ့ပြီး ဒဏ်ငွေမပေးဆောင်နိုင်ပါက နောက်ထပ် ထောင်ဒဏ် ၁၀ နှစ် ထပ်မံကျခံရမည်ဖြစ်ကြောင်း တရားရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြစ်မှုကျူးလွန်သော မြန်မာနိုင်ငံသားသည် အိန္ဒိယနှင့် မြန်မာနယ်စပ်ဒေသဖြစ်သော Leisen ကျေးရွာတွင်နေထိုင်သူဖြစ်ပြီး မီဇိုရမ်ပြည်နယ်အတွင်း ဟီးရိုအင်းအပါအဝင် မူးယစ်ဆေးဝါးများ မှောင်ခိုတင်သွင်းရန် ကြိုးပမ်းခဲ့ကြောင်း ဝန်ခံထားသည်ဟု အိန္ဒိယမူးယစ်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ Peter Zohmingthanga ကပြောသည်။
အဆိုပါ မြန်မာနိုင်ငံသားကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက အိန္ဒိယနှင့် မြန်မာနယ်စပ်ဒေသအနီးရှိ Tiau မြစ်နားတွင် ဟီးရိုအင်း ၇၆၂ ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယမူးယစ်တပ်ဖွဲ့က ပြောသည်။ အိန္ဒိယတရားရုံးသည် မြန်မာနိုင်ငံသား Bawinungchung ဆိုသူ၏အမှုကို ၂ နှစ်ကျော်ကြာ စစ်ဆေးခဲ့ပြီးနောက် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သလို ၎င်းကိုယ်တိုင်လည်း ဝန်ခံထွက်ဆိုထားသည်ဟု အိန္ဒိယမူးယစ်တပ်ဖွဲ့က ပြောသည်။
မြန်မာနိုင်ငံတွင်အာဏာအငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက် နယ်စပ်ဒေသရှိ မြန်မာနိုင်ငံသားများသည် အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ သွားရောက်နေထိုင်မှုများရှိခဲ့သလို မှောင်ခိုပစ္စည်းများ တင်သွင်းရန်ကြိုးပမ်းမှုများ ပိုမိုများပြားလာခဲ့ကြောင်း အိန္ဒိယအာဏာပိုင်များကပြောသည်။
အိန္ဒိယအာဏာပိုင်များသည် ပြီးခဲ့သောရက်ပိုင်းကလည်း အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ရှိ ဆေးရုံတွင် ကျည်ဆံဒဏ်ရာများကို ဆေးဝါးလာရောက်ကုသနေသော မြန်မာနိုင်ငံသား အနည်းဆုံး ၇ ဦး ကို ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း အိန္ဒိယသတင်းများတွင်ဖော်ပြထားသည်။အဆိုပါ ကျည်ဆံဒဏ်ရာရနေသည့် မြန်မာနိုင်ငံသားများသည် မဏိပူရပြည်နယ်တွင်ဖြစ်ပွားသော အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ဆက်နွှယ်ခြင်းမရှိဘဲ မြန်မာနိုင်ငံဘက်ခြမ်းတွင်ဖြစ်ပွားသော တိုက်ခိုက်မှုများကြောင့် ဒဏ်ရာများရရှိကာ အိန္ဒိယဆေးရုံတွင် လာရောက်ကုနေသူများဖြစ်ကြောင်း အိန္ဒိယရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Ref- eastmojo