၁၆. ၇. ၂၀၂၃
Written by Phyo Wei
UMFCCI က လုပ်ငန်းရှင်တွေ ထိုက်သင့်တဲ့အမြတ်ပဲယူဖို့ သတိပေးအပြီးမှာပဲ ရခိုင်က မိုခါဘေးမှာ ဘယ်သူသေသေ ငတေမာပြီးရော အမြတ်ကြီးစားသူတွေကိုပါအရေးယူဖို့ ညွှန်ကြားလာတဲ့ ဒီရက်သတ္တပတ်မှာပဲ ပို့ကုန်ရငွေရဲ့ ၆၅ ရာခိုင်နှုန်းအထိ ကျပ်ငွေနဲ့ လဲလှယ်ဖို့ ညွှန်ကြားချက်ကို ၅၀ ရာခိုင်နှုန်းပဲ လဲလှယ်ဖို့ လျှော့ချပေးခဲ့တာ တွေ့ရပါတယ်။
တစ်ဖက်မှာလည်း မြန်မာ့စီးပွားရေးဟာ အယ်နီညိုရာသီဥတုပြောင်းလဲမှုနဲ့အတူ သီးနှံစိုက်ပျိုးမှုအထွက် ထိခိုက်ပြီး စီးပွားရေးထိခိုက်မှုတွေ၊ ငွေဖောင်းပွမှုတွေ ဆက်လက်မြင့်တက်လာနိုင်တယ်လို့ BMI Country Risk & Industry Research က သုံးသပ်ခဲ့တဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ Online Shopping လုပ်ပြီး လိမ်လည်တဲ့သူတွေကို ထောင်သုံးနှစ်အထိချမဲ့ အခြေအနေတွေအကြောင်း၊ ငွေသားအသုံးပြုမှုကျဆင်းလာပြီး ဒစ်ဂျစ်တယ်ငွေသားကို အားပြုသုံးစွဲလာတဲ့ မြန်မာနိုင်ငံအကြောင်းနဲ့ ထိုင်း- မြန်မာနယ်စပ်မှာ တရုတ်စီးပွားသမားအချို့ရဲ့ လိမ်လည်မှုတွေကို ဖြိုခွင်းဖို့ မြန်မာနဲ့ ထိုင်းနယ်စပ်မှာ အင်တာနက်ဖြတ်တောက်သွားမယ်ဆိုတဲ့အကြောင်းတွေကို တင်ပြချင်ပါတယ်။
“ထောင်သုံးနှစ်ချမဲ့ အွန်လိုင်းစျေးသည် လိမ်လည်မှု“
အွန်လိုင်းစနစ်ကနေ ရောင်းချတဲ့လုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီး အဲဒီလုပ်ငန်းတွေနဲ့ပတ်သက်လို့ လိုအပ်သလိုဆောင်ရွက်ခွင့်ကို ပြည်ထောင်စုအစိုးရအဖွဲ့က စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို အပ်နှင်းလိုက်တာပါ။ ဒီအပ်နှင်းမှုကြောင့် စီးပွားကူးသန်းဝန်ကြီးဌာနဟာ နိုင်ငံသားအကျိုးစီးပွားကို အထောက်အကူပြုမဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေကို အကာအကွယ်ပေးဖို့၊ နိုင်ငံသား အကျိုးစီးပွားကို ထိခိုက်စေနိုင်တဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေကို ကန့်သတ်တားဆီးဖို့နဲ့ ဘေးအန္တရာယ်၊ ကူးစက်ရောဂါ၊ အခြားမလိုလားအပ်တဲ့ ကိစ္စတစ်စုံတစ်ရာပေါ်ပေါက်နိုင်တဲ့ ကုန်စည်နဲ့ တိရစ္ဆာန်တွေကို ပြည်တွင်းသယ်ဆောင်တာ၊ ပြည်တွင်းကို တင်သွင်းတာနဲ့ ပြည်ပကို တင်ပို့တာတွေ တားဆီးမှာဖြစ်သလို လက်ရှိအချိန်မှာ အွန်လိုင်းစနစ်ကနေ ရောင်းချမှုတွေနဲ့ ပတ်သက်ပြီး အဓိကလုပ်ဆောင်မှာပါ။
ဒါကြောင့် အွန်လိုင်းကနေ လိမ်လည်ရောင်းချသူတွေ၊ ငွေလိမ်သူတွေ၊ အွန်လိုင်းကနေ သိန်းသောင်းချီရောင်းနေပြီး အခွန်မဆောင်တဲ့ စိန်ရွှေရတနာဆိုင်တွေ၊ ပြည်ပကနေ ကုန်ပစ္စည်းအမျိုးမျိုးကို တင်သွင်းနေသူတွေ၊ ပြည်ပမျိုးစိတ်တိရစ္ဆာန်တွေ တင်သွင်းနေသူတွေ အားလုံးဟာ စီးပွားကူးသန်းရဲ့ ထိန်းချုပ်မှု အမိန့်တွေ စည်းမျည်းတွေကို လိုက်နာရတော့မှာပါ။ ၂၀၁၂ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်မှာ ပြဌာန်းခဲ့တဲ့ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပေဒ ပုဒ်မ (၄)၊ ပုဒ်မခွဲ (ဂ)အရ တားမြစ်မိန့်၊ စည်းမျဉ်းသတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့်နဲ့ လိုအပ်သလိုဆောင်ရွက်မှုတွေကို ချိုးဖောက်မယ်ဆို ထောင်ဒဏ် ခြောက်လကနေ သုံးနှစ်အထိ ချမှတ်နိုင်တဲ့အပြင် ကျပ်ငါးသိန်းထက် မပိုတဲ့ဒဏ်ငွေကိုပါ ချမှတ်ခြင်းခံရမယ်လို့ ပြဌာန်းထားတာကြောင့် အွန်လိုင်းကနေ ရောင်းချနေတဲ့ Online Shopping တွေဟာ အရင်လို ထင်တိုင်းကြဲခွင့်တော့ ရတော့မှာ မဟုတ်ပါဘူး။
“ငွေသားအသုံးပြုမှုကျဆင်းပြီး ဒစ်ဂျစ်တယ်ငွေသား အားပြုလာတဲ့ မြန်မာနိုင်ငံ“
နိုင်ငံအားလုံးလိုလိုဟာ ဒစ်ဂျစ်စနစ်အခြေပြုပြီး ငွေစက္ကူတွေ မသုံးတော့သလောက်ဖြစ်လာချိန်မှာ မြန်မာနိုင်ငံကတော့ ငွေစက္ကူတွေပဲ အားပြုသုံးနေဆဲဖြစ်သလို ဟောင်းနွမ်းစုတ်ပြဲ ငွေစက္ကူတွေအတွက်လည်း နိုင်ငံတော်က အကုန်အကျခံလဲပေးရတဲ့အပြင် အဲဒီဟောင်းနွမ်းစုတ်ပြဲငွေစက္ကူတွေ ဖျက်ဆီးရတဲ့ အလုပ်လည်း ရှိနေဆဲပါ။ တစ်ဖက်မှာလည်း ငွေသားအသုံးပြုမှုလျှော့ချနိုင်ဖို့ အစိုးရက ကြိုးပမ်းနေတာကြောင့် Pay အမျိုးမျိုးထွက်ပေါ်လာပြီဖြစ်သလို တစ်ဖက်မှာလည်း ဘဏ်ဝန်ဆောင်မှုနဲ့ လက်လှမ်းမမီတဲ့ ပြည်သူတွေ QR Code နဲ့ ငွေပေးချေမှု အသုံးပြုနိုင်ဖို့ ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းတဲ့ ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်ကို ဗဟိုဘဏ်က ထပ်မံခွင့်ပြုလိုက်ပြီး အဲဒီလုပ်ငန်းလိုင်စင်ကိုတော့ Nature Link Pay Co.,Ltd (Brand Name- Trusty e-commerce) ၊ Zego Pay Co.,Ltd (Brand Name- Zego Money) ၊ Internet Wallet Myanmar Ltd (Brand Name – OK$) နဲ့ Universal Pay Co.,Ltd (Brand Name – Unipay) တို့ကို ခွင့်ပြုလိုက်တာ တွေ့ရပါတယ်။
ဒီလိုလုပ်ဆောင်လာတာကြောင့် ၂၀၂၂ ခုနှစ်မှာ အင်တာနက်ဘဏ်လုပ်ငန်း၊ မိုဘိုင်းလ်ဘဏ်လုပ်ငန်း၊ မိုဘိုင်းလ်ပေးနဲ့ မိုဘိုင်းလ်ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ လုပ်ငန်းဆောင်ရွက်မှုတန်ဖိုးဟာ ၂၀၂၁ ခုနှစ်နဲ့ နှိင်းယှဉ်ရင် ၄၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ကျပ် ၃၁,၆၆၆ ဘီလျံအထိ ရှိလာပါတယ်။ ဒစ်ဂျစ်တယ်နည်းလမ်းနဲ့ ငွေရေးကြေးရေးဆောင်ရွက်မှုတွေ တိုးတက်များပြားလာတာနဲ့ အတူ နိုင်ငံ့စီးပွားရေးစနစ်အတွင်း လှည့်လည်သုံးစွဲငွေ Currency in Circulation-CIC တွေ လျော့နည်းကျဆင်းခဲ့တာကြောင့် ၂၀၂၁ ခုနှစ်မှာ CIC တိုးတက်မှုနှုန်းဟာ ၄၈ ရာခိုင်နှုန်း ရှိတာကနေ ၂၀၂၂ ခုနှစ်မှာ ၂၉ ရာခိုင်နှုန်း၊ ၂၀၂၃ ခုနှစ် (မေလအထိ)မှာ ၁၁ ရာခိုင်နှုန်းဆီ ကျဆင်းလာခဲ့တယ်လို ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။ ဒါကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်ငွေကြေးပြောင်းလဲသုံးစွဲမှုဟာ တိုးတက်တယ်လို့ ထင်စရာရှိပေမဲ့ အခက်အခဲတစ်ခုကတော့ မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ်လ်နည်းလမ်းနဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေဟာ များပြားလွန်းလှတာကြောင့် သုံးစွဲသူတွေက Pay တိုင်း၊ Mobile Wallet တိုင်း Mobile Banking တိုင်းကို လိုက်လံသုံးစွဲနေရတာပါ။ ဒီလိုမျိုး များပြားလှတဲ့ Platform တွေ ရှိနေတာကလည်း မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်ငွေကြေးပြောင်းလဲသုံးစွဲမှု တိုးတက်တာ နှေးကွေးရတဲ့ အချက်ဖြစ်ပြီး ဒီလိုမျိုး ဗြောက်သောက်လုပ်နေရတဲ့ စနစ်အစား Pay တစ်ခု၊ Mobile Wallet တစ်ခု၊ Mobile Banking တစ်ခုရှိရုံနဲ့ အားလုံးအဆင်ပြေတဲ့ စနစ်လိုမျိုး ချိတ်ဆက်လုပ်နိုင်ဖို့ လိုအပ်နေတာ တွေ့ရပါတယ်။
“တရုတ်စီးပွားရေးသမားအချို့ လိမ်လည်မှုဖြိုခွင်းဖို့ မြန်မာ့နယ်စပ် အင်တာနက်ဖြတ်မဲ့ ထိုင်း“
တိုင်းရင်းသားလက်နက်ကိုင်တွေ အလုံးအရင်းနဲ့ ထိန်းချုပ်ထားတဲ့ မြို့သစ်တွေရှိရာ ထိုင်း- မြန်မာနယ်စပ်ဟာ လူကုန်ကူးဂိုဏ်းတွေ၊ ငွေလိမ်ဂိုဏ်းတွေ၊ ပြည့်တန်ဆာဂိုဏ်းတွေကြောင့် နာမည်ပျက်နေတာပါ။ တစ်ဖက်မှာလည်း တရုတ်ဒုစရိုက်စီးပွားရေးသမားတွေ ခြေရှုပ်နေတဲ့ ဒီမြို့သစ်တွေကို ထိန်းချုပ်နိုင်ဖို့ ကနဦးလုပ်ဆောင်မှုအဖြစ် မြန်မာနိုင်ငံဘက်ခြမ်းက မြို့သစ်တွေကို ဦးတည်ပြီး လျှပ်စစ်မီးဖြတ်တောက်လိုက်ပေမဲ့လည်း တကယ်တမ်းထိခိုက်တာက မြ၀တီမြို့နယ်ပတ်လည်က နွမ်းပါးတဲ့ ပြည်သူတွေ ထိခိုက်တာပါ။ လက်ရှိမှာလည်း အွန်လိုင်းလိမ်လည်မှုတွေ ဖြတ်တောက်ဖို့ ထိုင်းက နယ်စပ်တစ်လျှောက်မှာ အင်တာနက်ဖြတ်တောက်ဖို့ လုပ်ဆောင်နေသလို အွန်လိုင်းလိမ်လည်မှုတွေကို တားဆီးဖို့အတွက်လည်း မြန်မာ-တရုတ်- ထိုင်း အစိုးရတွေ ပူးပေါင်းလုပ်ဆောင်ကြမှာပါ။
ဒီလိုမျိုး ပူးပေါင်းလုပ်ဆောင်မယ်ဆိုပေမဲ့လည်း လက်ရှိအချိန်မှာတော့ ထိုင်း-မြန်မာနယ်စပ်က ဖြစ်စဥ်တွေဟာ လတ်တလောမှာ ထိန်းချုပ်ဖို့တော့ မလွယ်ကူပါဘူး။ ဘာကြောင့်လဲဆိုရင် တရုတ်နိုင်ငံသားတွေအပါအဝင် တခြားနိုင်ငံတွေက လူကုန်ကူးခံနေရတဲ့သူတွေရဲ့ ရာခိုင်နှုန်း ၉၀ လောက်ဟာ ထိုင်းနိုင်ငံမှာ အလုပ်ရမယ်ဆိုပြီး ခေါ်ဆောင်ခံရလို့ ထိုင်းကိုရောက်ပြီးမှ မြန်မာ-ထိုင်းနယ်စပ်နဲ့ တရုတ်နယ်စပ်ကို အပို့ခံရတာဖြစ်နေလို့ပါ။ ပြီးခဲ့တဲ့ရက်ပိုင်းမှာဆို ထိုင်းအမျိုးသမီးလေးယောက်ဟာ တာချီလိတ်မှာ PR ဝန်ထမ်းလုပ်ရမယ်လို့ အခေါ်ခံရပြီး ဝ ဒေသ မိုင်းပေါက်မှာ ပြည့်တန်ဆာအဖြစ် ခိုင်းစေခံနေရလို့ ကယ်တင်ဖို့ ဇူလိုင် ဒုတိယအပတ်မှာ အကူအညီတောင်းခံခဲ့ပေမဲ့ အခုထိတော့ကယ်တင်နိုင်တာ မတွေ့ရသေးပါဘူး။
ဒီလိုပါပဲ ပြီးခဲ့တဲ့ ဇွန်လထဲမှာဆိုလည်း မြန်မာနိုင်ငံ ရှမ်းပြည်နယ်ဘက်မှာ လိင်ကျွန်အဖြစ်ခိုင်းစေခံနေရတဲ့ ထိုင်းအမျိုးသမီး ၁၄၀ ကျ်ောကို ကယ်တင်ခဲ့ရပါသေးတယ်။ ဒါ့အပြင် ဒီနယ်စပ်ဒေသတွေမှာပဲ တရုတ်နိုင်ငံသူတွေလည်း လူကုန်ကူးခံနေရတာကြောင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးလာရောက်ချိန်မှာတောင် ဒီကိစ္စတွေကို အထူးတလည်ဆွေးနွေးခဲ့တယ်လို့ ဆိုသလို သူ့ခရီးစဥ်အပြီးမှာ ရာဇဝတ်ဂိုဏ်းတွေဖမ်းဆီးကျွန်ပြုထားတဲ့ တရုတ်နိုင်ငံသားအများအပြားကို ကယ်တင်နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့သေးတာပါ။ သေချာတာကတော့ ထိုင်းဘက်က အင်တာနက်ဖြတ်တောက်ရုံနဲ့ ထိုင်း-မြန်မာနယ်စပ်က ဒုစရိုက်ဂိုဏ်းတွေရပ်တန့်သွားမှာမဟုတ်ဘဲ သူတို့ကို လုံးဝဖြိုခွဲပြီး သာမန်မြို့သစ်တွေအသွင်ပြောင်းနိုင်ဖို့ဆို နယ်စပ်စည်းက လက်နက်ကိုင်တွေကို ထောက်ပံ့သလိုဖြစ်နေတဲ့လုပ်ရပ်တွေကိုပါ အိမ်နီးချင်းနိုင်ငံတွေက ဖြတ်တောက်မှ အမြစ်ပြတ်ချေမှုန်းနိုင်မှာဖြစ်ပြီး နယ်စပ်စည်းက လက်နက်ကိုင်တွေကို မီးစာတစ်ဖက် ရေမှုတ်တစ်ဖက် ဆက်လက်ခံထားသရွေ့တော့ ဒီရာဇဝတ်ဂိုဏ်းတွေရဲ့ စီးပွားတွေက ဆက်လက်လည်ပတ်နေမှာပါလို့တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။