၁၆.၇.၂၀၂၃
Translated by Htwe Ko Tun
မကြာမီကပဲ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ အိန္ဒိယဝန်ကြီးချုပ် နာရိန်ဒရာ မိုဒီတို့ ပူးတွဲကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ကြပါတယ်။ ဒီကြေညာချက်မှာ သူတို့က မြန်မာနိုင်ငံအတွင်း ယိုယွင်း ပျက်ပြားလာနေတဲ့ အခြေအနေအပေါ် အထူးစိုးရိမ်မိကြောင်း ဖော်ပြခဲ့ကြပါတယ်။ ဒီ့နောက်မှာတော့ သူတို့က အားလုံးပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဆီ နိုင်ငံရဲ့အသွင်ကူးပြောင်းမှုကို အထောက်အကူပြုစေဖို့ မြန်မာနိုင်ငံမှာ အပြုသဘောဆောင်တဲ့ ညှိနှိုင်းဆွေးနွေးပွဲတစ်ရပ် ကျင်းပဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။
ကံမကောင်းဘူးလို့ပဲဆိုရမှာပါ။ ဂျိုးဘိုင်ဒန်အနေနဲ့ ဒီလိုတောင်းဆိုမှုတွေ လုပ်နေပေမယ့် အမေရိကန်အစိုးရက ခေါင်းဆောင်ပြုလုပ်တဲ့ ပိတ်ဆို့မှုပြုရေး မူဝါဒက မူလရည်မှန်းချက်ကို အားနည်း ခိုင်မာမှုမရှိဖြစ်စေတဲ့အပြင် ဆိုးဝါးတဲ့အခြေအနေကို ပိုလို့ ဆိုးဝါးသွားစေခဲ့
တယ်လို့ ဆိုရမှာပါ။
အနောက်အုပ်စုနိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေက အုပ်ချုပ်သူအစိုးရကို အမှန်တကယ် ထိခိုက်စေခဲ့တာမဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့စစ်အစိုးရအနေနဲ့ သူတိုရဲ့နိုင်ငံရေးထိန်းချုပ်နိုင်မှု အာဏာအတွက် ပြည်သူကိုပေးမယ့် မက်လုံးအနည်းငယ်လောက်ကိုသာ ဆုံးရှုံးစေခဲ့တာပါ။ ပိတ်ဆို့မှုကြောင့် တကယ်တန်းထိခိုက်ခံစားရတာကတော့ မြန်မာနိုင်ငံရဲ့ သာမန်ပြည်သူများပါပဲ။ ဒီပိတ်ဆို့မှုတွေကြောင့် အဓိက အကျိုးရှိခဲ့တာကလည်း တရုတ်နိုင်ငံပါ။
ဒီဖြစ်ရပ်တွေကြောင့် မြန်မာနိုင်ငံအတွင်းမှာ အခက်အခဲဖြစ်နေတဲ့ တရုတ်နိုင်ငံအတွက် မြန်မာနိုင်ငံ မှာ ခြေကုပ်နေရာရယူနိုင်ခဲ့တဲ့အပြင် အိန္ဒိယသမုဒ္ဒရာနဲ့အရေးကြီးတဲ့ သဘာဝသယံဇာတအရင်းအမြစ်တွေဆီကိုပါ မဟာဗျူဟာမြောက် အဝင်အထွက်လမ်းကြောင်းတစ်ခုရရှိဖို့ မျှော်မှန်းနိုင်လာပါတယ်။
ဒီပြောင်းလဲဖြစ်ပေါ်မှုတွေက ဒေသဆိုင်ရာလုံခြုံရေးအခြေအနေတွေကို စိန်ခေါ်မှုတွေ ဖြစ်စေခဲ့ပါတယ်။ ဥပမာဆိုရရင် တရုတ်နိုင်ငံရဲ့စစ်ဖက်ဆိုင်ရာပုဂ္ဂိုလ်တွေက မြန်မာ့ရေပြင်အတွင်း ကိုကိုးကျွန်းပေါ်မှာ ထောက်လှမ်းရေးစခန်းတစ်ခုတည်ဆောက်ဖို့ အခုဆိုရင် ကူညီနေပါတယ်။ ကိုကိုးကျွန်းက အိန္ဒိယစစ်တပ် အတွက် တစ်ခုတည်းသော ကြည်း၊ ရေ၊ လေ ပေါင်းစည်းတပ်စခန်းချရာ အိန္ဒိယပိုင် ကပ္ပလီကျွန်းခေါ် အတ်ဒမန်ကျွန်းရဲ့ မြောက်ဘက်မှာရှိပါတယ်။
ထောက်လှမ်းရေးသဘောတရားအနေနဲ့ဆိုရင် ဒီထောက်လှမ်းရေးစခန်းက အိန္ဒိယနိုင်ငံရဲ့ ရေကြောင်းသွားလာမှုဆိုင်ရာ လှုပ်ရှားမှုအတွက် တရုတ်က ထောက်လှမ်းဖို့ အကူအညီ ပြုနိုင်မယ်လို့ထင်ရပါတယ်။ ဒါ့အပြင်လည်း နျူကလီးယားရေငုပ်သင်္ဘောသွားလာမှုများကြီးကြပ်ရေးနဲ့ ဘင်္ဂလားပင်လယ်အော်အတွင်း မကြာခဏဆိုသလို အိန္ဒိယနိုင်ငံရဲ့ ရေအောက် ဒုံးကျည် စမ်းသပ်ပစ်လွှတ်ရာ လမ်းကြောင်းတွေကို ထောက်လှမ်းဖို့ စတာတွေ ပါဝင်မှာပါ။
သမိုင်းကြောင်းအရ ဆိုရပြန်ရင်လည်း မြန်မာနိုင်ငံမှာ အရင်ဖြစ်ခဲ့ဖူးတဲ့အခြေအနေကို တစ်ကျော့ပြန်လည်လာတာလို့ဆိုရမှာပါ။ ၁၉၈၀ ပြည့်လွန်နှစ်များရဲ့နောက်ပိုင်းကာလမှာ နဝတ အစိုးရလက်ထက်ကစလို့ အမေရိကန်ရဲ့ မြန်မာနိုင်ငံအပေါ်ပိတ်ဆို့မှုတွေဟာ တရုတ်နိုင်ငံကို မြန်မာနိုင်ငံရဲ့ အဓိကကုန်သွယ်ဘက်နိုင်ငံနဲ့ မြန်မာနိုင်ငံမှာ အဓိကရင်းနှီးမြှုပ်နှံသူဖြစ်လာစေရေးတို့အတွက် လမ်းစထွင်ပေးလိုက်သလို ဖြစ်ခဲ့ပါတယ်။
ဒီပိတ်ဆို့မှုတွေရှိနေပေမယ့် မြန်မာနိုင်ငံမှာ တပ်မတော်အစိုးရကတော့ ၂၀၁၁ ခုနှစ်ရောက်တဲ့အထိ အုပ်ချုပ်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ အမေရိကန်သမ္မတ အိုဘားမားက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ရဲ့မူဝါဒသစ်တစ်ရပ်ကို ကြေညာကာ မြန်မာနိုင်ငံကို ပထမဆုံးလာရောက်လည်ပတ်တဲ့ အမေရိကန်သမ္မတအဖြစ်ရောက်ရှိလာခဲ့ပါတယ်။၂၀၁၆ ခုနှစ် NLD အစိုးရ မြန်မာနိုင်ငံမှာအာဏာရရှိပြီးနောက် အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေကို ရုပ်သိမ်းခဲ့ပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ မြန်မာ့တပ်မတော်က ခေတ္တအာဏာထိန်းသိမ်းမှုတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် မြန်မာ့ရွေးကောက်ပွဲမှာ မဲမသမာမှု ပြုလုပ်ခဲ့တာကြောင့် NLD အစိုးရကို မြန်မာ့တပ်မတော်က ရှုတ်ချပြီး အာဏာထိန်းသိမ်းခဲ့တာနဲ့ ဘင်္ဂါလီအရေး အပါအဝင် ကိစ္စအများအပြားအတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် မြန်မာ့တပ်မတော်ခေါင်း ဆောင်တွေကို အမေရိကန်က ပစ်မှတ်ထားပိတ်ဆို့မှု ဆောင်ရွက်လာပြန်ပါတယ်။ ဂျိုးဘိုင်ဒန် အစိုးရလက်ထက်မှာတော့ မြန်မာနိုင်ငံအပေါ် ကျယ်ပြန့်တဲ့ပိတ်ဆို့မှုတွေကို အမေရိကန်က တဖန်ပြုလုပ်လာပြန်ပါတယ်။
ဒီမှာ အနောက်အုပ်စုက မူါဒချမှတ်သူတွေအနေနဲ့ သင်ခန်းစာတွေရှိနေတာ ရှင်းရှင်းကြီးတွေ့ရမှာပါ။ နိုင်ငံခြားဆက်သွယ်ရေးရာနဲ့ဆိုင်တဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းကို ပိတ်ဆို့အရေးယူမှုတွေက ဆိုးရွားတဲ့ အကျိုးဆက်တွေကိုဖြစ်လာစေနိုင်တာပါပဲ။ တရုတ်နိုင်ငံမှာဆိုရင် ဘိုင်ဒန်အစိုးရက ပိတ်ဆို့အရေးယူခဲ့တဲ့ ဗိုလ်ချုပ်ကြီး လီရှန်ဖူးဟာ မတ်လမှာ ကာကွယ်ရေးဝန်ကြီးဖြစ်လာပါတယ်။ ဒီနောက်မှာတော့ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဆန္ဒပြတဲ့အနေနဲ့ နှစ်နိုင်ငံတပ်မတော်များအကြား တိုက်ရိုက် ဆက်သွယ်ဆွေးနွေးမှုတွေပြုလုပ်ဖို့ အမေရိကန်ရဲ့တောင်းဆိုချက်ကို တရုတ်အစိုးရက ခါးခါးသီးသီး ငြင်းခဲ့တာပါပဲ။
အမေရိကန်အစိုးရအနေနဲ့ မြန်မာ့တပ်မတော်အပေါ် ကြာမြင့်စွာ ထိတွေ့ ဆက်ဆံမှုမရှိခဲ့တာကလည်း အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို အားနည်းမှုဖြစ်စေခဲ့တယ်လို့ ဆိုရမှာပါ။ အခုဆိုရင် မြန်မာ့တပ်မတော်အစိုးရကို ပိတ်ဆို့ထားပေမယ့် လက်တွေ့မှာတော့ မြန်မာ့နိုင်ငံရေးတိုးတက်ပြောင်းလဲမှုတွေမှာ အမေရိကန်က လွှမ်းမိုးနိုင်မှုအနည်းငယ်သာရှိပါတယ်။ ဒီလို မြန်မာ့နိုင်ငံရေးမှာ လွှမ်းမိုးနိုင်ဖို့ လုပ်ရမဲ့အစား အမေရိကန်ဟာ မြန်မာအစိုးရအပေါ် ပိတ်ဆို့မှုတွေ တိုးမြှင့်ဖို့နဲ့ အစိုးရကိုဆန့်ကျင်တဲ့ PDF အပါအဝင် လက်နက်ကိုင်အင်အားစုတွေကို လက်နက်အထောက်အပံ့ပေးဖို့ပဲ ပြုလုပ်နေပါတယ်။
ဒီလိုမျိုး အမေရိကန်အစိုးရနဲ့အနောက်အုပ်စုရဲ့ စွက်ဖက်မှုတွေက တကယ်တန်းမှာ မြန်မာနိုင်ငံကို ကြီးမားလှတဲ့အကျပ်အတည်းအခြေအနေအတွင်း အမြန်ဆုံးကျရောက်စေပြီး အမေရိကန်ရဲ့အကျိုးစီးပွားအတွက်လည်း နည်းနည်းမှအထောက်အကူမပြုတဲ့အပြင် မြန်မာပြည်သူတွေ ဆင်းရဲတွင်းနက်စေရေးကို သာ ဖန်တီးနေပါတယ်။
အစိုးရကိုဆန့်ကျင်နေတဲ့ လက်နက်ကိုင်အုပ်စုတွေက အခုပြုလုပ်နေကြတဲ့ လက်နက်ကိုင်ပုန်ကန်မှုမှာ မြန်မာ့တပ်မတော်ကို အနိုင်ရ ဖြုတ်ချလိုက်နိုင်တယ်ပဲထားပါဦးတော့။ မြန်မာနိုင်ငံကတော့ သူတို့ပြောနေသလို ဒီမိုကရေစီနိုင်ငံကြီး လုံးဝဖြစ်လာမှာမဟုတ်ပါဘူး။ လစ်ဗျားပုံစံမျိုး နိုင်ငံ ပြိုကွဲမှုတွေဖြစ်၊ အစိုးရအမျိုးမျိုး နိုင်ငံတွင်းပေါ်ပေါက်၊ ဒေသလုံခြုံရေးကို ကြီးမားစွာ အန္တရာယ်ပြုလာပါလိမ့်ဦးမယ်။ နောက်ဆုံးတော့ မြန်မာနိုင်ငံဟာ အနောက်အုပ်စုနဲ့ တရုတ်၊ ရုရှားတို့ အားပြိုင်ကြရာ အင်အားကြီးတို့ကိုယ်စားပြုတိုက်ခိုက်ကြတဲ့ ယူကရိန်းနိုင်ငံလို စစ်မြေပြင်တစ်ခုအဖြစ်သာ ကျန်ခဲ့မှာပါ။
အခုအချိန်မှာဆိုရင် မြန်မာနိုင်ငံမှာ အမေရိကန်ရဲ့ မဟာဗျူဟာမြောက်ဆုံးရှုံးမှုတွေနဲ့အတူ တရုတ်နိုင်ငံ က လျင်မြန်စွာ လွှမ်းမိုးခြေကုပ်ယူလာနိုင်တာပါ။ ဒါပေမဲ့ မြန်မာအစိုးရအပေါ် အပြုသဘောဆောင်တဲ့ လုပ်ဆောင်မှုတွေနဲ့ တုံ့ပြန်တာ၊ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေကို အမေရိကန်အစိုးရက တဖြည်းဖြည်းလျှော့ချပေးတာ စတာတွေနဲ့ အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ် မဟာဗျူဟာအရ မြန်မာအစိုးရကို ပါဝင်ဆောင်ရွက်ခွင့်ရရှိစေခြင်းနဲ့ မြန်မာ့နိုင်ငံရေးမှာ လွှမ်းမိုးနိုင်ဖို့ ပြန်လည်ကြိုးစားရမှာပါ။
နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံကြား ပိတ်ဆို့မှုလုပ်တာက သဘာဝအားဖြင့် တွေ့ဆုံညှိနှိုင်းမှုနဲ့ မိမိရဲ့သြဇာ လွှမ်းမိုးနိုင်မှုတို့ကိုပါ ရပ်တန့်ကျဆင်းစေမှာပါ။ ဒါကြောင့်လည်း နိုင်ငံရေးမူဝါဒရဲ့ ပထမဦးစားပေးကိရိ ယာအဖြစ် ဘယ်အချိန်အခါမှ အသုံးမပြုသင့်ပါဘူး။ ၂၀၁၄ ခုနှစ်က ထိုင်းနိုင်ငံမှာ ဗိုလ်ချုပ်ကြီး ပရာယွတ် ခေါင်းဆောင်တဲ့ ထိုင်းတပ်မတော်က အာဏာသိမ်းချိန်ကဆို အမေရိကန်အစိုးရက ပိတ်ဆို့မှုကို ရှောင်ရှားပြီး ထိတွေ့ဆွေးနွေးမှုသာ ပြုခဲ့တာပါ။ ဒါဟာ ထိုင်းပြည်သူတွေရဲ့ လူနေမှုအဖွဲ့အစည်းကို စောင့်ရှောက်ကူညီရာရောက်ပြီး နောက်ဆုံးမှာထိုင်းတပ်မတော်က ရွေးကောက်ပွဲတွေ ပြန်လည်ကျင်းပခဲ့တာကို တွေ့ရပါတယ်။
အလားတူပါပဲ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်အသက်ဝင်စေဖို့လည်း မြန်မာ့တပ်မတော်ခေါင်း ဆောင်တွေနဲ့ တစ်ဖြည်းဖြည်း ပြန်လည်ထိတွေ့ဆွေးနွေးပြီး သူတို့အတွက် မက်လုံးတွေကို ကမ်းလှမ်း ခြင်းနဲ့ပဲ ရနိုင်မှာပါ။ ပိတ်ဆို့မှုတွေက လုံးဝအလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ အမေရိကန်အနေနဲ့ နိုင်ငံခြားရေးဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီး၊ စီအိုင်အေ ညွှန်ကြားရေးမှူး တရုတ်ကို သွားရောက်တဲ့ခရီးတွေ အပါအဝင် ဘိုင်ဒန်အစိုးရက တရုတ်အစိုးရနဲ့ အနီးကပ်ဆွေးနွေးမှုပြုချိန်မှာ မြန်မာအစိုးရနဲ့ ဆက်သွယ်ရေးလိုင်းတွေကို စတင်ဖွင့်သင့်ပါတယ်။
ဒါမှသာ မြန်မာနိုင်ငံဟာလည်း ဒီမိုကရေစီနိုင်ငံတစ်ခုအဖြစ် ပြန်လည်ပေါ်ထွန်းလာနိုင်ရေးအတွက် မှန်ကန်တဲ့ ဆောင်ရွက်မှုပြုရာကျမှာဖြစ်ပြီး လမ်းမှားကြီးပေါ်က ပိတ်ဆို့အရေးယူမှုတွေကို အမေရိကန်အစိုးရက ပစ်ပယ်သင့်ချိန်တန်ပါပြီ။
Ref- Bangkok Post
Brahma Chellaney ရေးသားတဲ့ ” America’s Myanmar Policy Simply All Wrong “အား ဆီလျော်သလို ပြန်ဆိုထားခြင်းဖြစ်ပြီး ဆောင်းပါးရှင် ဟာ ဘာလင်မြို့ရှိ Robert Bosch Academy ရဲ့ နယူးဒေလီမြို့အခြေစိုက် Center for Policy. Research and Fellow ရဲ့ ပါမောက္ခ တစ်ဦးပါ။ သူဟာ Asian Juggernaut’, ‘Water: Asia’s New Battleground’,Water, Peace and War: Confronting the Global Water Crisis ‘ အပါအဝင် စာအုပ်ကိုးအုပ်ကိုရေးသားခဲ့သူ ပါမောက္ခတစ်ဦးပါ။