◾ ဒေသခံကာကွယ်ရေးတပ်များက မကြောက်ရွံ့ဘဲ တင့်ကားတစ်စီး သိန်း ၄၀၀၀ ဆုရမည်သတ်မှတ်ပြီး တိုက်ပွဲဝင်မည်ဟု ယောဒရုန်းတပ် ပြော
၁၅. ၇. ၂၀၂၃
Written by Nay Moe
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးသို့ ရိက္ခာပို့ရန် သွားရောက်နေသော တင့်ကား (၂)စီးနှင့် JCB (၁) စီး ပါဝင်သည့် လခရ စစ်ကြောင်းကို မဟာမိတ်ကာကွယ်ရေးတပ်ဖွဲ့များနှင့် CDF-Kanpetlet တို့ ပူးပေါင်း၍ စောင့်ဆိုင်းနေခဲ့ရာ ဇူလိုင် ၁၄ ရက် နံနက်ပိုင်း ၁၁ နာရီ ၃၀ အချိန်ခန့်တွင် လမ်းခုလတ်ဖြစ်သော မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ရင်းကဲရွာအနီးတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ခေါ်နူးတပ်ရင်း (Khonu Battalion) အပါအဝင် ဒေသခံ PDF များ၏ ထုတ်ပြန်မှုများအရ သိရသည်။
ထို့နောက် နှစ်ဖက်အပြန်အလှန်တိုက်ပွဲများဖြစ်ပွားပြီးနောက် နေ့လည် ၁၂ နာရီခန့်တွင် ရင်းကဲရွာ မီးစတင်လောင်ခဲ့ပြီး တစ်ရွာလုံးနီးပါး အိမ်ခြေ ၃၀၀ ကျော် မီးလောင်ခဲ့သလို PDF ငါးလောင်းအပါအဝင် လက်နက်များ သိမ်းဆည်းခံခဲ့ရသည်ဟုလည်း သိရသည်။
“လက်ရှိတွင်လည်း_ချင်းပြည်နယ်ကန်ပက်လက်သို့သွားမည့် တင့်ကား ၂ စီးပါသော ထောက်ပို့ယာဥ်တန်းနှင့် စစ်ကြောင်း ၁ – ခု ယောနှင့် ချင်းနယ်စပ်မှာရောက်ရှိနေပြီး ထိတွေ့မှုများလည်းဖြစ်နေပါတယ်။ အဆိုပါထိတွေ့မှုကြောင့် ယမန်နေ့က အိမ်ခြေ ၃၅၀ ဝန်းကျင်ရှိ လောင်းရှည်မြို့ဟောင်း ရင်းကဲရွာဟာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုနှင့် မီးရှို့ဖျက်ဆီးခံရမှုကြောင့် အိမ်ခြေ ၃၀၀ ဝန်းကျင် မီးဘေးသင့်ခဲ့ရပါတယ်။ လက်ရှိ ဒေသခံပြည်သူများဟာ မိုးထဲလေထဲ တောထဲတောင်ထဲမှာ စစ်ဘေးရှောင်နေကြရပါတယ်။ ကျွန်တော်တို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များကတော့ ကြောက်ရွံ့နောက်ဆုတ်ခြင်းမရှိဘဲ တင့်ကားတွေဟာ ကျွန်တော်တို့အတွက် သိန်း ၄၀၀၀ ဆုကြေးရမယ့်ပစ္စည်းတွေအဖြစ် သတ်မှတ်ပြီး ဆက်လက်တိုက်ပွဲဝင်ကြပါတယ်”ဟု ယောဒေသ ဒရုန်း လက်ရုံးတပ်ဖွဲ့ Page တွင် ယနေ့ ရေးသားထားသည်။
ပြီးခဲ့သည့် လအနည်းငယ်က PDF များက စွန့်ပစ်တင့်ကားနှစ်စီးအား ဒရုန်းချဖျက်ဆီးခဲ့ပြီးနောက် NUG က ထိုတင့်ကားများအတွက် တစ်စီးသိန်း ၄၀၀၀ ဆုချခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့ရာ လက်ရှိတွင် ကန်ပက်လက်မှ PDF ပူးပေါင်းတပ်များကလည်း တင့်ကားများဖျက်ဆီးနိုင်ပါက ထို သိန်း ၄၀၀၀ ဆုရရန် မျှော်လင့်တိုက်ခိုက်နေခြင်းဖြစ်သည်။
ဇူလိုင် ၁၃ ရက်တွင် ကန်ပက်လက်မြို့တွင်းရှိ လခရ အထိုင်စခန်းကို CDF -Kanpetlet နှင့် ညောင်ဦးခရိုင်တပ်ရင်း၂ အပါအဝင် ပူးပေါင်းတပ်များက နှစ်ကြိမ်ဝင်ရောက် တိုက်ခိုက်ခဲ့ကြပြီးနောက် တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်ပြီး ထိုတိုက်ခိုက်မှုအပြီးတွင် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးသို့ ရိက္ခာပို့ရန် တင့်ကား (၂)စီးနှင့် JCB (၁) စီး ပါဝင်သည့် လခရ စစ်ကြောင်း ထွက်လာခြင်းဖြစ်ကာ လက်ရှိအချိန် PDF များက ထိုစစ်ကြောင်း ကန်ပက်လက်သို့မရောက်မီ ကြားဖြတ်တိုက်ခိုက်နေခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုကြောင့် ရင်းကဲရွာ မီးလောင်ပျက်စီးမှုအပြင် PDF နှင့် ဆက်နွှယ်သည်ဟု ယူဆရသူ ၂၀ ခန့်လည်း ဖမ်းဆီးခံထားရသည့်အပြင် PDF ငါးဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်းခံထားရကာ လက်ရှိ ဇူလိုင် ၁၅ ရက် ၃ နာရီခွဲမှ စတင်၍လည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေသည်ဟု သိရသည်။