October 18, 2024

MT News

Written By Thandar

MRTV-4 ရုပ်သံဇာတ်လမ်းတွဲ “စေတလုံးမောင်ဘုန်း” ကတစ်ဆင့် ပရိသတ်အားပေးမှု ရရှိလာတဲ့ သရုပ်ဆောင် မင်းဘုန်းမြတ်က ဟာသမလုပ်တတ်လို့ ဟာသကားတွေ လာမငှားကြတာဖြစ်မယ် ထင်ပါတယ်လို့ ဖွင့်ဟလာပါတယ်။

“ကျွန်တော် မကြာခင်ရက်ပိုင်းကဘဲ ရိုက်ထားတာက ပန်းထောင်ချောက် Series လေး ရိုက်ထားပါတယ်။ ကျွန်တော် ရိုက်ခဲ့တဲ့ ကားတော်တော်များများက Horror ကားတွေများတယ်။ အခုရိုက်ထားတဲ့ ဇာတ်ကားတွေ ရိုက်ဖြစ်တိုင်း Horror ပုံစံလေးမျိုးတွေ ဖြစ်နေတယ်။ လူသတ်သရဲကားဆိုလည်း ဟုတ်တယ်။ ထူးထူးဆန်းဆန်း ဇာတ်လေးဖြစ်တယ်။ ပရိသတ်ကြိုက်မယ့် ကားလေးပါ။ အပြင်မှာလည်း ကျွန်တော့်က ရုပ်တည်နဲ့နေတာများတယ်။ ဟာသလည်း သိပ်မပြောတတ်ဘူး။ ဟာသမလုပ်တတ်လို့ ဟာသကားတွေ လာမငှားကြတာဖြစ်မယ် ထင်ပါတယ်”လို့ သရုပ်ဆောင် မင်းဘုန်းမြတ်က ပြောပါတယ်။

ပန်းထောင်ချောက် ဇာတ်လမ်းတွဲမှာ ရှင်မွေလ ၊ သုတအောင် ၊ မာန်ဟိန်း ၊ လပြည့် ၊ စောမင်းယျာ ၊ ဇွန်ဝေယံ ၊ သက်ဦးကို ၊ Lucas ၊ အောင်လံ ၊ အကယ်ဒမီ မြတ်ကေသီအောင် ၊ ခိုင်သဇင်ငုဝါ ၊ ဟန်နီစုစံ ၊ မေမြတ်နိုးသွယ် စတဲ့ အနုပညာရှင်တွေနဲ့အတူ ပါဝင်သရုပ်ဆောင်ထားပြီး မကြာခင်မှာ ထုတ်လွှင့်တော့မှာလည်း ဖြစ်ပါတယ်။ မင်းဘုန်းမြတ်က “လေတံခွန်” သီချင်း ၊ “သီချင်းချစ်သူ” သီချင်း ၊ “ကလေးလေး” သီချင်း ၊ “Without You”သီချင်း စတဲ့ တေးသီချင်းတွေကို ထွက်ရှိထားသူလည်း ဖြစ်ပါတယ်။

“သီချင်းတွေက ငယ်ငယ်ထဲက Music နဲ့ ပတ်သက်ပြီး ဝါသနာပါတယ်။ သီချင်းတွေလည်း နားထောင်တယ်။ သီချင်းတွေလည်း ဆိုဖြစ်တယ်။ ခုနောက်ပိုင်း သီချင်းတွေ ရေးကြည့်ရင်းနဲ့ သီချင်းတွေ လုပ်ဖြစ်နေပါတယ်။ သို့….ကမ္ဘာကြီး သီချင်းလေးကို လုပ်ဖြစ်သွားတယ်။ ကိုယ့်သီချင်းကို ကြိုက်တဲ့သူလည်း ရှိသလို မကြိုက်တဲ့သူတွေလည်း ရှိကြပါတယ်။ ပရိသတ်တွေဆီက Feedback ကိုတော့ မကြည့်ဖြစ်ဘူး”လို့ သူကဆက်ပြောပါတယ်။

သူဟာ ကိုဂျွန်လွင်ရဲ့ Star & Model Int’l Yangon သင်တန်းကျောင်းက တစ်ဆင့် အနုပညာလောကထဲ ရောက်လာခဲ့သူလည်း ဖြစ်ပါတယ်။ ဇူလိုင် ၁၇ရက်မှာ စတင်ရိုက်ကူးမယ့် “အစွဲ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင် သရုပ်ဆောင်ထားသွားမှာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *