October 18, 2024

၁၅. ၇. ၂၀၂၃
Written by Nay Aung

ဒေါ်အောင်ဆန်းစုကြည် ပါဝင်မှုမရှိဘဲ မြန်မာ့နိုင်ငံရေးအခြေအနေများကို အဖြေရှာလို့ ရနိုင်မည်မဟုတ်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယမ်ဘလာကရစ်ချ်နန်က အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတက်ရောက်ပြီးနောက် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

အင်ဒိုနိးရှားနိုင်ငံတွင် ကျင်းပသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအတွင်း မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံများအကြား သဘောထားကွဲလွဲမှုများရှိနေကာ ပူးတွဲကြေညာချက်ထုတ်ပြန်ရန် နှောင့်နှေးခဲ့ရကြောင်း သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်များနှင့် တွေ့ဆုံချိန်အတွင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ” ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့နိုင်ငံရေးအခက်အခဲကိုအဖြေရှာဖို့ အဓိက ဗဟိုချက်အဖြစ် ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မပါဝင်ဘဲ မြန်မာ့နိုင်ငံရေးအခက်အခဲကို အဖြေရှာလို့ရနိုင်မှာမဟုတ်ဘူး။ မြန်မာနိုင်ငံဟာ အာဆီယံသဘောတူညီချက်ငါးချက် အကောင်ထည်ဖော်ရေးကို ဆက်လက်လုပ်ဆောင်မယ်ဆိုရင် အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံကိုသွားရောက်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာ့နိုင်ငံရေးအခက်အခဲမှာပါဝင်နေသူအားလုံးနဲ့ တွေ့ဆုံခွင့်ပေးဖို့တောင်းဆိုရမယ်။ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းဟာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို ပြန်လွတ်ပေးဖို့ တိုက်တွန်းတောင်းဆိုထားတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ နစကကြား စစ်မှန်တဲ့ နှလုံးသားချင်း စေ့စပ်ဆွေးနွေးမှုတွေ လုပ်ဆောင်ရမှာဖြစ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဖမ်းဆီးထိန်းသိမ်းခံထားရလို့ ဆွေးနွေးမှုတွေမလုပ်နိုင်သေးဘူး”ဟု ပြောသည်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ၎င်းတို့အနေဖြင့်လက်ရှိအချိန်တွင် အကြံပြုရုံသာ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ နစကအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပြီး တွေ့ဆုံဆွေးနွေးခြင်း ရှိမရှိဆိုသည့်အချက်မှာ အချိန်က စကားပြောသွားမည်ဖြစ်ကြောင်း၊ ပြောသည်။

ထို့ပြင် ၎င်းက ” ဒါဟာ လုပ်ဆောင်ရမယ့်အချက်တွေထဲက ပထမအဆင့်ပဲရှိသေးတယ်။ မြန်မာ့နိုင်ငံရေးအခြေအနေတွေကို အဖြေရှာဖို့က ရှည်လျားတဲ့ခရီးစဉ်တစ်ခုလိုပဲ” ဟုပြောသည်။

မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်ပြီး အဖြေရှာနိုင်ရန်အတွက် အာဆီယံအဖွဲ့အနေဖြင့် အာဆီယံသဘောတူညီချက်ငါးချက်ကို ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ကြောင်းလည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

၎င်းက ” အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ အရွယ်အစား၊ နိုင်ငံရေးစနစ်နဲ့ စီးပွားရေးအခြေအနေတွေ တစ်နိုင်ငံနဲ့တစ်နိုင်ငံမတူညီပါဘူး။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကအချို့က မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တယ်။ အခြားအဖွဲ့ဝင်နိုင်ငံတွေကတော့ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းမဟုတ်ဘူး။ ဒါကြောင့် မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီး စိုးရိမ်မှုချင်းမတူဘူး။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံကို သူ့ရဲ့ကိုယ်ပိုင်အစီအစဉ်နဲ့သွားရောက်ခဲ့တယ်။ အဲဒီခရီးစဉ်ဟာ အာဆီယံအဖွဲ့နဲ့ တိုက်ရိုက်ဆက်နွှယ်တဲ့ခရီးစဉ်မျိုးမဟုတ်ဘဲ ကိုယ်ပိုင်ခရီးစဉ်မျိုးသာဖြစ်တယ်” ဟု ပြောသည်။

Ref- mfa

Leave a Reply

Your email address will not be published. Required fields are marked *