၁၅. ၇. ၂၀၂၃
Written by Pan Ei
တောင်ကိုရီးယားနိုင်ငံမှာ နှစ်ရက်ဆက်တိုက် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီး၊ မြေပြိုမှုတွေကြောင့် အနည်းဆုံး လူ ၇ ဦး သေဆုံးကာ သုံးဦး ပျောက်ဆုံးနေသလို လူပေါင်းထောင်နဲ့ချီကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ဒီနေ့မှာ ပြောကြားခဲ့ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုတွေအပြင် ဆည်တစ်ခုရေလျှံမှုပါ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နိုင်ငံရဲ့အလယ်ပိုင်းမြို့နှစ်မြို့မှာ အိမ်တွေပါ နစ်မြုပ်သွားရတဲ့ မြေပြိုမှုဖြစ်ပွားခဲ့ပြီး လူသုံးဦး သေဆုံးခဲ့ကာ၊ ကျန်တဲ့ လေးဦးဟာလည်း မြေပြိုမှုတွေနဲ့ အဆောက်အအုံပြိုကျမှုတွေကြောင့် သေဆုံးခဲ့ခြင်းဖြစ်တယ်လို့ ပြည်ထဲရေးနဲ့ဘေးကင်းရေးဝန်ကြီးဌာနက ဖော်ပြခဲ့ပါတယ်။
ဒေသစံတော်ချိန် ဒီနေ့မနက် ၁၁ နာရီ ထုတ်ပြန်ချက်အရ လူပေါင်း ၁,၅၆၇ ယောက်ကို ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရတယ်လို့ သိရပြီး နိုင်ငံမြောက်ဘက် Chungcheong ပြည်နယ်ရှိ ဆည်တစ်ခု ရေလျှံခဲ့တာကြောင့် ရွှေ့ပြောင်းပေးရသူ အရေအတွက် တိုးလာနိုင်ပါတယ်။
ကိုရီးယား ရထားလိုင်းက အနှေးရထားအကုန်လုံးနဲ့ ကျည်ဆန်ရထားတချို့ကို ရပ်ဆိုင်းထားပြီး တချို့ကျည်ဆန်ရထားတွေမှာလည်း မြေပြိုခြင်း၊ ရေကြီးခြင်းနဲ့ ကျောက်ဆောင်တွေ ပြိုကျခြင်းကြောင့် နှောင့်နှေးရနိုင်ဖွယ် ရှိနေပါတယ်။
တောင်ကိုရီးယား မိုးလေဝသအေဂျင်စီကတော့ နိုင်ငံရဲ့နေရာအချို့မှာ တနင်္ဂနွေနေ့အထိ မိုးသည်းထန်စွာရွာသွန်းနိုင်တယ်လို့ ကြေညာထားပါတယ်။
Ref; Reuters