MT News
Written by Naing Thuta
လယ်ကွင်းပြင်၌ လည်ပင်းပြတ်ရှနှင့် ဝမ်းဗိုက်ကိုထိုးသွင်းဒဏ်ရာများဖြင့် ရက်ရက်စက်စက် သ-တ်ဖြတ်ခံထားရသည့် လူလတ်ပိုင်းအမျိုးသားတစ်ဦး၏ရုပ်အလောင်းကို ဇူလိုင်လ ၁၃ ရက် ညနေပိုင်းက အမရပူရမြို့နယ်တွင် တွေ့ရှိခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၁၃ ရက် ညနေ ၄ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ပြည်လုံးကျော်ကျေးရွာအုပ်စု၊ မင်းစုကျေးရွာ၊ ၅၁ လမ်းအနောက်ဘက်ရှိ လယ်ကွင်းပြင်တွင် လည်ပင်းပြတ်ရှဒဏ်ရာနှင့် ဝမ်းဗိုက်ကိုထိုးသွင်းခံရသည့်ဒဏ်ရာများဖြင့် သ-တ်ဖြတ်ခံထားရသော အသက် ၄၇ နှစ်အရွယ်ခန့်ရှိသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ဒေသခံတစ်ဦးကတွေ့ရှိခဲ့သဖြင့် သက်ဆိုင်ရာသို့အကြောင်းကြားရာ လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးနောက် အလောင်းအား ဒေသခံလူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးအထွေထွေဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ရက်စက်စွာအသ-တ်ခံထားရသူသည် အမရပူရမြို့နယ်၊ မြစ်လောင်းကျေးရွာ၊ ရန်အောင်မြင်ရပ်ကွက်တွင်နေထိုင်သူတစ်ဦးဖြစ်ပြီး ဘာသာခြားတစ်ဦးဖြစ်ကာ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးဖြစ်သည်။ ၎င်းအား မည်သည့်အတွက်ကြောင့် မည်သူက သ-တ်ဖြတ်သွားသည်ကို မသိရှိရသေးသကဲ့သို့ နယ်မြေခံရဲတပ်ဖွဲ့မှလည်း အမှုမှန်အမြန်ဆုံးပေါ်ပေါက်ရေးအတွက် လိုက်လံစုံစမ်းစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။