၁၅. ၇. ၂၀၂၃
Written by Pan Ei
ဂျပန်နိုင်ငံ၊ အိုဆာကာမြို့မှာ ဒီနေ့ စတင်ကျင်းပဖို့စီစဉ်ထားတဲ့ “Waterbomb” ဂီတပွဲတော်အတွက် မနေ့ (ဇူလိုင်လ ၁၄ ရက်) က ကြိုတင်ပြင်ဆင်နေစဉ်အတွင်း အသက် ၄၀ အရွယ် အမျိုးသားဝန်ထမ်းတစ်ဦးဟာ ပြင်းထန်တဲ့ ရေအမြောက်နဲ့ ပစ်ခတ်ခံရပြီးနောက် မျက်နှာ၊ ဦးခေါင်းနဲ့ တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး ဆေးရုံတင်ပို့စဉ်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။
သေဆုံးသူအမျိုးသားဟာ မတော်တဆမဖြစ်ခင် ရေအမြောက်ကိုကြည့်နေတယ်လို့ ယူဆရပြီး အဲ့ဒါကြောင့် ရေထွက်လာချိန်မှာတော့ သူ့ရဲ့ ဦးခေါင်းကိုတိုက်ရိုက် ထိမှန်သွားခဲ့တာဖြစ်ပါတယ်။
အဲ့ဒီ ရေအမြောက်ဟာ ၁ ဒသမ ၆ မီတာခန့်အမြင့်ရှိပြီး ရေပိုက်ပြွန်က ၁ ဒသမ ၅ မီတာ အရှည်နဲ့ အချင်း ၇ ဒသမ ၅ စင်တီမီတာရှိကာ ရေပြင်းအားကတော့ တစ်နာရီကို ၁၂၀ ကီလိုမီတာအထိ ပစ်ခတ်နိုင်ပါတယ်။
ဒေသခံ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ အဲ့ဒီ “Waterbomb” ဂီတပွဲတော်ကို ဇူလိုင် ၁၅ ရက်နဲ့ ၁၆ ရက်တို့မှာ ကျင်းပဖို့ စီစဉ်ထားကာ ပရိသတ်တွေကို ရေအမြောက် ၄၀ လောက်နဲ့ ရေပက်ဖို့ စီစဉ်ထားတာဖြစ်ပြီး ဝန်ထမ်း ၂၀၀ ခန့်ဟာ မနေ့က အစမ်းလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာပါ။
တောင်ကိုရီးယားက အနုပညာရှင်အများစု လာရောက်ဖျော်ဖြေဖို့ စီစဉ်ထားတဲ့ပွဲဖြစ်ပေမယ့် ခုလို မတော်တဆမှုဖြစ်စဉ် ဖြစ်ပွားပြီးတဲ့နောက်မှာ ပွဲကို ဖျက်သိမ်းခဲ့တယ်လို့ သိရပါတယ်။
တခြားအလုပ်သမားတစ်ဦးက ရေထွက်စေတဲ့ ခလုတ်ကို မတော်တဆဖွင့်မိတာကြောင့် အမြောက်တွေက ရေထွက်လာဖြစ်နိုင်ပေမဲ့ အဲ့ဒီဝန်ထမ်းကတော့ “ရေတွေထွက်လာပေမယ့် မီးခလုတ်ကို မနှိပ်မိဘူး”လို့ ငြင်းဆိုခဲ့ပါတယ်။ အိုဆာကာစီရင်စု ရဲတပ်ဖွဲ့ကတော့ ခုလိုမတော်တဆဖြစ်ရပ်နဲ့ပတ်သက်ပြီး လူသေစေနိုင်တဲ့ ပေါ့ဆမှုအဖြစ် စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။
Ref; The Manichi