၁၅. ၇. ၂၀၂၃
Translated by Htwe Ko Tun
ထိုင်းနိုင်ငံမှာ ဇူလိုင်လ ၁၃ ရက်က ကျင်းပခဲ့တဲ့ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်အမတ်များရဲ့ ဝန်ကြီးချုပ်ပူးတွဲရွေးချယ်ပွဲမှာ လိုအပ်တဲ့ထောက်ခံမဲမရလို့ ဝန်ကြီးချုပ်အဆိုပြုမှု ရှုံးနိမ့်ခဲ့ရတဲ့ ပီတာ ရဲ့ Move Forward Party က ခြေလှမ်းသစ်တစ်ရပ်အနေနဲ့ ဝန်ကြီးချုပ်ရွေးချယ်ရာမှာ ထိုင်းစစ်တပ်က တိုက်ရိုက်ရွေးချယ်ခန့်ထားတဲ့ အထက်လွှတ်တော်အမတ်တွေရဲ့ လုပ်ပိုင်ခွင့်အာဏာကို ပယ်ဖျက်ဖို့ ဇူလိုင်လ ၁၄ ရက်မှာ ပါလီမန်ကို အဆိုပြုခဲ့ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၇၂ အရ ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်ရွေးချယ်ဖို့အတွက် မဲပေးရာမှာ အောက်လွှတ်တော်အမတ်တွေနဲ့အတူ အထက်လွှတ်တော်အမတ်တွေကလည်း ပူးတွဲမဲပေးခွင့်ရှိပါတယ်။ MFP ရဲ့ အဆိုပြုချက်မှာတော့ အထက်လွှတ်တော်အမတ်တွေကို ဝန်ကြီးချုပ်ရွေးချယ်ဖို့အတွက် မဲပေးရာမှာ ပါဝင်ခွင့်မပေးဘဲ အောက်လွှတ်တော်အမတ်တွေကသာ မဲပေးရွေးချယ်ဖို့ တောင်းဆိုထားပါတယ်။ ဒါက အထက်လွှတ်တော်ရဲ့ ဝန်ကြီးချုပ်ရွေးချယ်ရာမှာ မဲပေးခွင့်အာဏာကိုပယ်ဖျက်ဖို့ ခုနှစ်ကြိမ်မြောက်ကြိုးစားမှုလို့လည်း ဆိုပါတယ်။
MFP ပါတီရဲ့ အတွင်းရေးမှူးချုပ် ချိုင်သာဝပ် တူလာသုံ က ဇူလိုင်လ ၁၃ ရက်က ကျင်းပတဲ့ ဝန်ကြီးချုပ်ရွေးပွဲမှာ အထက်လွှတ်တော်အမတ်တွေက မဲမပေးဘဲနေခဲ့ကြတာကြောင့် ဝန်ကြီးချုပ်နေရာအတွက် မဲပေးရွေးချယ်ပွဲမှာ သူတို့မပါဝင်သင့်တော့ဘူးလို့ ပြောခဲ့ပါတယ်။ MFP ပါတီရဲ့ အောက်လွှတ်တော်အမတ်တွေအားလုံးက ဒီအဆိုပြုချက်မှာလက်မှတ်ထိုး တောင်းဆိုခဲ့ကြတာလို့လည်း သိရပါတယ်။ ချိုင်သာဝပ် က ဇူလိုင် ၁၃ ရက် မဲပေးပွဲမှာ အထက်လွှတ်တော်အမတ် ၁၅၆ ဦးက မဲမပေးဘဲနေခဲ့ကြကာ ၄၃ ဦးက မဲပေးပွဲကို မတက်ရောက်ဘဲနေခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့်လည်း ချိုင်သာဝပ်က အထက်လွှတ်တော်အမတ်တွေကို ဝန်ကြီးချုပ်ရွေးချယ်ပွဲမှာ အောက်လွှတ်တော်အမတ်တွေနဲ့အတူ ပါဝင်မဲပေးခွင့်ပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၇၂ ကို MFP ပါတီက ဆန့်ကျင်ကြောင်းလည်းပြောခဲ့ပါတယ်။ ချိုင်သာဝပ်က MFP ရဲ့ မဟာမိတ် ဖျူထိုင်းပါတီကလည်း ထိုအဆိုပြုမှုကို ကန့်ကွက်ခြင်းမရှိသလိုဘဲ အခြားပါတီတွေကလည်း ထောက်ခံကြကြောင်း ပြောခဲ့ပါတယ်။
ဒီအဆိုပြုချက်ကို အောက်လွှတ်တော်ဥက္ကဋ္ဌ ဝန်မူဟာမက်နော် မာသာက လက်ခံခဲ့ပါတယ်။ သို့သော် ဖျူထိုင်းပါတီအတွင်းရေးမှူးချုပ် ပရာဆတ်က MFP ပါတီရဲ့ဆောင်ရွက်ချက်က အကျိုးဖြစ်ထွန်းစေပါ့မလားလို့ သံသယဖြစ်မိတယ်လို့ ပြောခဲ့ပါတယ်။ အဓိကအတားအဆီးက အဆိုပြုချက်တစ်ခုကိုအတည်ပြုနိုင်ဖို့ ပါလီမန်မှာအနည်းဆုံး အထက်လွှတ်တော်အမတ်တွေရဲ့ သုံးပုံတစ်ပုံဖြစ်တဲ့ အထက်လွှတ်တော်အမတ် ၈၄ ဦးကလည်း သဘောတူရမှာ ဖြစ်တဲ့အတွက် ဖြစ်ကြောင်းပြောခဲ့ပါတယ်။
ထိုင်းပါလီမန်မှာ အဆိုပြုပြင်ဆင်ချက်တစ်ရပ်ကို အတည်ပြုဖို့ရာ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်အမတ်စုစုပေါင်းရဲ့ ထက်ဝက်ကို ကျော်လွန်တဲ့ အမတ် ၃၇၆ ဦးရဲ့ ထောက်ခံမဲရဖို့ အနည်းဆုံး လိုအပ်ပါတယ်။ ဒါ့ပြင် အဆိုပါထောက်ခံမဲတွေမှာ အထက်လွှတ်တော်အမတ် ၂၅၀ ရဲ့ အနည်းဆုံးသုံးပုံတစ်ပုံရှိတဲ့အထက်လွှတ်တော်အမတ် ၈၄ ဦးရဲ့ထောက်ခံမဲ ပါဝင်ဖို့လိုကြောင်း သိရပါတယ်။
Ref—–Bangkok Post