၁၅. ၇. ၂၀၂၃
Written by Pan Ei
စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့က နှစ်ပေါင်းတစ်ရာကျော်သက်တမ်းရှိပြီဖြစ်တဲ့ နာမည်ကြီး စတိုးဆိုင် Queviures Múrria ဟာ ဆိုင်ထဲကို လာကြည့်ရုံသာကြည့်ပြီး မဝယ်တဲ့သူတွေနဲ့ ဓာတ်ပုံလာရိုက်တဲ့လူတွေသာ များလွန်းနေတာကြောင့် ပစ္စည်းတွေမဝယ်ဘဲ ဆိုင်ထဲဝင်ရောက်လည်ပတ်ရုံသက်သက်လာသူတွေကို ၅ ယူရို(အမေရိကန်ဒေါ်လာ ၅ ဒသမ ၆) ပေးဆောင်ဖို့ ကြော်ငြာဆိုင်းဘုတ် ချိတ်ဆွဲထားလိုက်ပြီပဲ ဖြစ်ပါတယ်။
Queviures Múrria ဟာ ၁၈၉၈ ခုနှစ်က စတင်ကာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အရည်အသွေးမြင့် ဝိုင်နဲ့ အသားတွေအပြင် ဒိန်ခဲတွေလိုမျိုး အဆင့်မြင့် စားသောက်ကုန်တွေကို ရောင်းချတဲ့ စတိုးဆိုင်ဖြစ်ပြီး ဘာစီလိုနာမြို့မှာ ကမ္ဘာအနှံ့က ခရီးသွားတွေကို အဖမ်းစားနိုင်ဆုံး နေရာတွေထဲက တစ်ခုဖြစ်ပါတယ်။
စတိုးဆိုင်ရဲ့ ရှေးကျတဲ့အသွင်အပြင်နဲ့ အတွင်းပိုင်း ရိုးရာဒီဇိုင်းတွေဟာ နေ့စဉ် ကမ္ဘာလှည့်ခရီးသွား ရာနဲ့ချီ ဆွဲဆောင်နိုင်ပေမဲ့ ပြဿနာက လာရောက်လည်ပတ်သူအများစုဟာ ဆိုင်အတွင်းခန်းအတွင်း ရောင်းချတဲ့ ထုတ်ကုန်တွေဖြစ်တဲ့ ရိုးရာစပိန်ဝက်အူချောင်းတွေ၊ ဒိန်ခဲတွေ၊ ဆီနဲ့ ဝိုင် စတာတွေကိုတော့ ဆိုင်ထဲဝင်လာသူတွေက အမှန်တကယ် စိတ်မဝင်စားကြဘူးလို့ သိရပါတယ်။
မန်နေဂျာတစ်ဦးရဲ့ ပြောကြားချက်အရ ခရီးသွားတွေဟာ ရိုးရှင်းတဲ့ ‘မင်္ဂလာပါ’ ဆိုတဲ့ စကားကိုတောင် မပြောဘဲ စတိုးဆိုင်ထဲကို ဝင်ကာ ဓာတ်ပုံရိုက်ရင်း လှည့်လည်ကာ ဘာမှမဝယ်ဘဲ ထွက်သွားကြတယ်လို့ သိရပါတယ်။
တစ်နာရီအတွင်း ဓာတ်ပုံလာရိုက်သူ ၂၅ ယောက်လောက်ရှိတတ်တာပြီး ဆိုင်အတွင်းက အမှန်တကယ် စားသုံးနေသူတွေ၊ ဝယ်ယူသူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေတာကြောင့် ဆိုင်ကိုလာရောက်ပေမဲ့ ဈေးမ၀ယ်သူတွေကို အခကြေးငွေပေးဆောင်ရမယ်လို့ ဝန်ထမ်းတွေက ကနဦးမှာ အရွှန်းဖောက်ပြောဆိုခဲ့ပေမဲ့ အခုအခါမှာတော့ ဆိုင်းဘုတ်ချိတ်ထားလိုက်ပြီပဲဖြစ်ပါတယ်။
အခုအချိန်ထိတော့ လာရောက်လည်ပတ်သူတွေကို အခကြေးငွေ တကယ်မကောက်ရသေးပေမဲ့ အဟန့်အတားတစ်ခုအနေနဲ့ဖြစ်စေခဲ့ပြီး ဆယ်လ်ဖီးလာရိုက်သူတွေနည်းသွားတယ်လို့ မန်နေဂျာက ပြောခဲ့ပါတယ်။
အခုသီတင်းပတ်အတွင်း ဆိုရှယ်မီဒီယာပေါ်မှာ အဲ့ဒီဆိုင်ရဲ့အခကြေးငွေကောက်ခံမယ့်အကြောင်း ပျံ့နှံ့လာခဲ့ရာမှာတော့ လူတော်တော်များများက ဒီလုပ်ရပ်ကို ထောက်ခံခဲ့ကြပြီး လူတစ်ဦးက “ပစ္စည်းတော့မဝယ်ဘဲ ဓာတ်ပုံရိုက်ချင်ရုံနဲ့ မသွားသင့်ဘူး” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
Ref; The Sun