၁၅. ၇. ၂၀၂၃
Written by Nay Aung
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမတ်ဝီနိုင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခြင်းသည် ၎င်း၏ ကိုယ်ပိုင်အစီအစဉ်ဖြင့် လှုပ်ရှားဆောင်ရွက်ခြင်းဖြစ်ပြီး အာဆီယံအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်များနှင့် ဆက်နွယ်ခြင်းမရှိကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
၎င်းက “ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါဟာ အာဆီယံအစည်အးဝေးတွေနဲ့ ဆက်နွယ်မှုမရှိပါဘူး။ ဒါဟာ ကျွန်တော့်ရဲ့ကိုယ်ပိုင် အစီအစဉ်နဲ့ အစပြုလှုပ်ရှားတာပါ။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်း ကီလိုမီတာ ၂၀၀၀ ကျော် ထိစပ်နေတယ်။ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ပဋိပက္ခတွေဟာ ထိုင်းနိုင်ငံအပေါ်သက်ရောက်မှု နေ့တိုင်းဖြစ်စေခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ မြန်မာ့နိုင်ငံရေး သဘောထားကွဲလွဲမှု၊ အငြင်းပွားမှုတွေကိုဖြေရှင်းပေးနိုင်ဖို့ ဒါမှမဟုတ် ကူညီပေးနိုင်ဖို့ နည်းလမ်းရှာရမယ်လို့ စဉ်းစားမိတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာနိုင်ငံနဲ့အလှမ်းဝေးတဲ့ ကျွန်တော်တို့လိုမျိုးတွေ့ကြုံခံစားရတာမရှိဘူး။ အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာ့နိုင်ငံရေးသဘောထားကွဲလွဲမှု၊ အငြင်းပွားမှုတွေကနေ ဘာသက်ရောက်မှုတွေ နေ့စဉ်ရရှိနေသလဲဆိုတာ ကောင်းကောင်းမသိပါဘူး။ ကျွန်တော်တို့ နိုင်ငံအပြင် အိန္ဒိယနိုင်ငံလည်း သက်ရောက်မှုတွေခံစားနေရတယ်။ မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတွေဟာ မြန်မာ့နိုင်ငံရေးသဘောထားကွဲလွှဲမှုကြောင့် ဖြစ်လာတဲ့သက်ရောက်မှုတွေကို တွေ့ကြုံနေရတယ်။ နယ်စပ်ဒေသမှာ ရာဇဝတ်မှုတွေတိုးလာသလို လူကုန်ကူးမှုတွေ၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေ၊ အွန်လိုင်းကတစ်ဆင့်လိမ်လည်မှုတွေ၊ လက်နက် မှောင်ခိုတင်သွင်းမှုတွေ နေ့စဉ်နီးပါးလို ဖြစ်နေတယ်” ဟုပြောသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံရပြီးနောက် ၂ နှစ်ကျော်ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပထမဆုံးတွေ့ဆုံဆွေးနွေးခွင့်ရသော နိုင်ငံခြားသံတမန်တစ်ဦးဖြစ်လာခဲ့ကြောင်း သိရသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများကလည်း မြန်မာ့နိုင်ငံရေးအတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ကြိုးပမ်းမှုများကို မြန်မာနိုင်ငံရေးနှင့်ပတ်သက်ပြီး အပြုသဘောဆောင်သော တိုးတက်မှုအဖြစ် ရှုမြင်သုံးသပ်မှုများရှိနေသည်။ ထိုင်းနိုင်ငံသည် ပြီးခဲ့သောလတွင် နစကနှင့် ပြန်လည်စေ့စပ်ဆွေးနွေးရန်ရည်ရွယ်ပြီး မြန်မာ့အရေး အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ကာ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများကို ဖိတ်ကြားခဲ့ကြောင်းသိရသည်။
သို့သော်လည်း အဆိုပါအစည်းအဝေးကို အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့၏ နိုင်ငံခြားရေးဝန်ကြီးများတက်ရောက်ခြင်းမရှိကြောင်း သိရသည်။ မြန်မာ့နိုင်ငံရေးကိုဖြေရှင်းနိုင်အောင် ကူညီပေးရန်အတွက်ကြိုးပမ်းမှုနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံသည် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သော အင်ဒိုနီးရှားနိုင်ငံအပါအဝင် စင်ကာပူ၊ မလေးရှားနိုင်ငံတို့နှင့် သဘောထားကွဲလွဲနေကြောင်း သိရသည်။
Ref-The Nation