MT News
Written by Nay Aung
အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စား လှယ်ကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာ့နိုင်ငံရေးတွင် ပါဝင်နေသူအားလုံးနှင့်တွေ့ဆုံဆွေးနွေးခွင့်ပေးစေလိုကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယမ်ဘလာကရစ်ချ်နန်က တိုက်တွန်းတောင်းဆိုလိုက်သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမတ်ဝီနိုင်းက ၎င်းအနေဖြင့် ဇူလိုင် ၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခွင့်ရခဲ့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအတွင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး NUG နှင့် PDF ကို ဒေါ်အောင်ဆန်းစုကြည်က လက်မခံကြောင်းသတင်းများကို ကမ္ဘာ့သတင်းမီဒီယာများက ရေးသားထွက်ပေါ်ပြီးနောက် အာဆီယံအထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံဆွေးနွေးခွင့်ပေးရန် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းတောင်းဆိုခဲ့ခြင်းဖြစ်သည်။
စင်ကာပူနိုင်ငံခြားရေးဝန်ကြီးသည် အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့်ပတ်သက်ပြီး စင်ကာပူနိုင်ငံ၏ သဘောထားကို သတင်းထုတ်ပြန်ရာတွင် ယင်းကဲ့သို့ တိုက်တွန်းတောင်းဆိုခဲ့ခြင်းလည်း ဖြစ်သည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာ့နိုင်ငံရေးအခြေအနေကို ဖြေရှင်းနိုင်ရန် ချဉ်းကပ်ရာတွင် အာဆီယံသဘောတူညီချက်ငါးချက်ကို ဆက်လက်အသုံးပြုသွားမည်ဖြစ်ကြောင်း၊ အာဆီယံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ရာတွင် အာဆီယံခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်နှင့် ပြန်လည်သုံးသပ်ခြင်းကိုလည်း လက်ခံသွားမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
မြန်မာနိုင်ငံတွင် အာဏာအငြင်းပွားမှုများ ဖြစ်ပွားခဲ့ပြီးနောက် ၂ နှစ်ခွဲကျော်အတွင်း အကြမ်းဖက်မှုများ မြင့်တက်နေခြင်းအပေါ် စိုးရိမ်မှုဖြစ်ရကြောင်း၊ အကြမ်းဖက်မှုများရပ်တန့်ရန်နှင့် အာဆီယံသဘောတူညီချက်ငါးချက်ကို ချက်ချင်းအကောင်ထည်ဖော်စေလိုကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ ထို့အပြင် စင်ကာပူနိုင်ငံအနေဖြင့် အာဆီယံသဘောတူညီချက်ငါးချက်နှင့်အညီ မြန်မာနိုင်ငံတွင် အားလုံးပါဝင်သော အမျိုးသားပြန်လည်တွေ့ဆုံရေးဖြစ်မြောက်စေရန်အပြင် လူသားချင်းဆိုင်ရာစာနာမှုအကူအညီများပေးရန်၊ အကြမ်းဖက်မှုများရပ်တန့်ရန် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သော အင်ဒိုနီးရှားနိုင်ငံ၏ ကြိုးပမ်းမှုများအပေါ် ထောက်ခံအားပေးမှုများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်းစင်ကာပူနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းတောင်းဆိုခဲ့သည်။
Ref— mfa.gov