၁၄. ၇. ၂၀၂၃
Written by Min Mahar
တံတားဦးမြို့နယ်တွင် CES Group ဆောက်လုပ်ရေးကုမ္ပဏီပိုင် မော်တော်ယာဉ်တစ်စီးအား PDF ငါးဦးက ဝန်ထမ်းများကို သေနတ်ပြခြိမ်းခြောက်ပြီး အဓမ္မလုယက်ယူဆောင်သွားမှု ယမန်နေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဇူလိူင်လ ၁၃ ရက်) မနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ စကားအင်းကျေးရွာအုပ်စု၊ ခံလူးလေးကျေးရွာရှိ CES Group ဆောက်လုပ်ရေးကုမ္ပဏီပိုင်ဝန်းအတွင်းသို့ PDF အဖွဲ့မှအမည်မသိလူငယ် ၅ ဦးသည် သေနတ်များကိုယ်စီကိုင်ဆောင်၍ရောက်ရှိလာကာ ကုမ္ပဏီဝန်ထမ်းများကိုခေါ်ယူပြီး သေနတ်များဖြင့်ချိန်ရွယ်ကာ ခြိမ်းခြောက်စကားများပြောဆို၍ ကုမ္ပဏီဝန်းအတွင်း ရပ်ထားသော မော်တော်ကား ၃ စီးရှိသည့်အနက်မှ အဖြူရောင် FORD RANGER (ယာဉ်အမှတ် 2R/1472 )အား အဓမ္မလုယက်ပြီး မောင်းနှင်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
” မနေ့ကမနက်ပိုင်းက သေနတ်တွေကိုယ်စီကိုင်ထားတဲ့ အမည်မသိလူ ၅ ယောက်က ကုမ္ပဏီဝန်းထဲဝင်လာကြတယ်။ အရင်ဆုံးဝန်ထမ်းတွေကို အရင်ခေါ်လိုက်ပြီး သေနတ်တွေနဲ့ချိန်ထားကြတယ်။ သူတို့ကားတစ်စီးယူသွားမယ်။ သော့ထုတ်ပေး။ ကြည်ကြည်ဖြူဖြူမပေးရင် အကုန်ပစ်သတ်ပစ်လိုက်မယ်လို့ပြောပြီး ရပ်ထားတဲ့ကား ၃ စီးထဲက အဖြူရောင် FORD RANGER ကားကို လုယက်ဓားပြတိုက်သွားကြတယ်။ လူတွေတော့တစ်ယောက်မှ မထိခိုက်ပါဘူး။ အခုတော့ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားလိုက်ပြီ။ အခုထိတော့ ကားကပြန်မရသေးဘူး”ဟု CES Group ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
အဆိုပါဖြစ်စဉ်အား ကုမ္ပဏီတာဝန်ရှိသူများက သက်ဆိုင်ရာနယ်မြေခံရဲတပ်ဖွဲ့ထံသို့ တိုင်ကြားကာ အမှုဖွင့်ထားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များမှလည်း လိုက်လံစုံစမ်းစစ်ဆေးနေကြောင်း သိရသည်။