၁၄. ၇. ၂၀၂၃
Written by Pan Ei
ဩစတြေးလျနိုင်ငံက အသက် ၄၃ နှစ်အရွယ် Divina Burnell လို့ အမည်ရတဲ့ အမျိုးသမီးဟာ ၂၃ နှစ်ကြာ သူမရဲ့ ဦးခေါင်းက ကျွတ်တဲ့ဆံပင်တွေကို စုဆောင်းခဲ့တာဟာ အခုဆိုရင်တော့ လူဦးခေါင်းထက် အတော်လေးကြီးတဲ့ ဆံပင်လုံးကြီး ဖြစ်လာခဲ့ပြီး ဆံပင်လုံးနဲ့ ဗီဒီယိုဖိုင်ကို သူမရဲ့သမီးဖြစ်သူက အင်တာနက်ပေါ် တင်ခဲ့ရာမှာတော့ ကြည့်ရှုသူတွေဆီကနေ တုံ့ပြန်မှုများစွာရရှိခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံဇာတိဖြစ်တဲ့ Divina Burnell ရဲ့ သမီး Monica Puddy က “အမေက ဒီဆံပင်ကို လူတွေကို ပြနေတာ နှစ်အတော်ကြာနေပါပြီ” လို့ ပြောကြားခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂၃ နှစ်ကစပြီး Burnell ဟာ ရေပိုက်တွေ ပိတ်ဆို့မှာဆိုးလို့ ခေါင်းလျှော်ရာက ကျွတ်တဲ့ဆံပင်တွေကို သိမ်းဆည်းရာကနေ ဆံပင်လုံးလုပ်ဖို့ အကြံရခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
သူမက ရေချိုးရာက ကျွတ်တဲ့ ဆံပင်တွေနဲ့သာ လုံးထားတာဖြစ်ပြီး ကြမ်းပြင်ပေါ်ကျနေတဲ့ ဆံပင်တွေကို မထည့်ထားဘူးလို့ ပြောကြားခဲ့ပေမဲ့ အဲ့ဒီဗီဒီယိုကိုကြည့်ရှုသူတချို့က ရွံ့စရာကောင်းတယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။
အဲ့ဒီဆံပင်လုံးကို တချို့ဆံပင်ကြောက်တတ်တဲ့ ရောဂါရှိသူတွေကတော့ ထိတ်လန့်ခဲ့ကြပြီး တချို့ကတော့ ရယ်စရာကောင်းတယ်လို့ ယူဆကြကာ ကိုယ်ပိုင်ဆံပင်လုံးလုပ်ဖို့ စိတ်အားထက်သန်သူတွေလည်း ရှိခဲ့ပါတယ်။
သမီးဖြစ်သူကတော့ သူ့မိခင်ရဲ့ ဆံပင်စုဆောင်းမှုအပေါ် ဝေဖန်တာတွေရှိနေပေမဲ့လည်း “ကျွန်မကတော့ အမေ အမြတ်တနိုးနဲ့ စုဆောင်းမှုအတွက် ဂုဏ်ယူပြီး သဘောကျပါတယ်” လို့ Caters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
Ref; Mirror