၁၄. ၇. ၂၀၂၃
Translated by Htwe Ko Tun
ဝက်ဂ်နာ ကြေးစားအပျော်တန်းတပ်ဖွဲ့ခေါင်းဆောင် ရက်ဗ်ဂျီနီ ပရီဂိုဇင် အနေဖြင့် ကင်ဆာရောဂါကို ခံစားနေရ၍ ကုသမှုခံနေရခြင်းက ရုရှားအစိုးရကို ဆန့်ကျင်သည့် တပ်တွင်းပုန်ကန်မှုတစ်ရပ်ပြုလုပ်ရန် ၎င်းအနေဖြင့် ဆုံးဖြတ်ချက်ချစေခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်ကြောင်း ရုရှားဘာသာဖြင့်ထုတ်ဝေသည့် Proekt မီဒီယာ၏ သတင်းတစ်ပုဒ်က ဆိုခဲ့သည်။
ပရီဂိုဇင်၏ အလုပ်သမားများကလည်း ၎င်းမှာကင်ဆာရောဂါကို ကုသခံနေရကြောင်း ပြောခဲ့ကြဖူးသည်။ ပရီဂိုဇင်၏အလုပ်သမားများက ၎င်းမှာ စိုးရိမ်ဖွယ် အစာအိမ်ကင်ဆာရောဂါကို ကြာရှည်စွာကုသခံခဲ့ရပြီး ရောဂါသက်သာရာရလာပြီဖြစ်ကြောင်း ပြောခဲ့ကြသေးသည်။ ဝက်ဂ်နာ တပ်ဖွဲ့မှ အမည်မဖော်သော သတင်းရင်းမြစ်တစ်ခုကလည်း ပရီဂိုဇင်က ကင်ဆာကြောင့် အစာအိမ်နှင့်အူသိမ်များကို ဖြတ်တောက်ထားရသူဟု ပြောခဲ့ကြောင်းလည်းသိရသည်။
ပရီဂိုဇင်က အစာအိမ်ရောဂါ ခံစားနေရသည်ဟု စာရွက်စာတမ်းအထောက်အထားဖြင့် မပြောနိုင်သော်လည်း ၎င်းက စိန့်ပီတာစဘတ်မြို့ရှိ ဗလာဒီမာပူတင်နှင့်ဆက်စပ်နေသော ဆေးရုံတစ်ခုတွင် တက်ရောက် ကုသခံခဲ့ခြင်းဟု ဆိုကြသည်။
ဝက်ဂ်နာတပ်ဖွဲ့၏ တပ်တွင်းပုန်ကန်မှုပြီးနောက် ရုရှားသမ္မတ ပူတင်နှင့် ပရီဂိုဇင်တို့ ကရင်မလင်နန်းတော်၌ တိတ်တဆိတ်တွေ့ဆုံဆွေးနွေးခဲ့ကြသေးသည်ဟု ယခုရက်သတ္တပတ်အစတွင် အတည်မပြုနိုင်သော သတင်းများက ဆိုသည်။
သို့သော် ဇွန်လ ၂၄ ရက်နောက်ပိုင်းတွင် ဝက်ဂ်နာတပ်ဖွဲ့အကြီးအကဲ ပရီဂိုဇင်မှာ လုံးဝမတွေ့မြင်ရ၊ အသံလည်းမကြားရဘဲ ပျောက်ဆုံးနေရာ ၎င်းအနေဖြင့် ဖမ်းဆီးခံထားရခြင်းလော။ အကျဉ်းထောင်အတွင်း၌လော။ ဆေးရုံတက် ကုသခံနေသလော စသည်ဖြင့် ထင်ကြေးများအမျိုးမျိုးပေးနေကြပြီး အချို့ဆိုလျှင် ၎င်းကိုအသက်ရှင်လျက်မှ ရှိပါသေးသလော ယူဆလျက်ရှိကြသည်။
Ref—- Express