၁၄. ၇. ၂၀၂၃
Written by Min Mahar
ကလေးမြို့ရှိ ARARAT Hotel တွင် တည်းခိုနေသည့် PDF အဖွဲ့များနှင့် ပတ်သက်ဆက်နွှယ်သူတစ်ဦးအား ပစ္စတိုသေနတ် ၁ လက်နှင့်အတူဆက်စပ်ပစ္စည်းများဖြင့် ယနေ့မနက်က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးသွားကြောင်း ဒေသခံသတင်းရင်းမြစ်များမှ သိရသည်။
ယနေ့(ဇူလိုင် ၁၄ ရက်) မနက် ၉ နာရီ ၃၀ ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ပင်လုံရပ်ကွက်၊ လေယာဉ်ကွင်းရှေ့ရှိ ARARAT Hotel တွင် PDF အဖွဲ့များနှင့်ပတ်သက်ဆက်နွှယ်နေသည့် အသက် ၃၅ နှစ်အရွယ်အမျိုးသားတစ်ဦး လာရောက်တည်းခိုမည်ဟု လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ကြိုတင်သတင်းရရှိထားသဖြင့် ဟိုတယ်သို့ သွားရောက်စောင့်ဆိုင်းနေစဉ် ၎င်းသည်အခန်းနံပါတ် (၂၀၅)တွင် ငှားရမ်းတည်းခိုနေစဉ်အတွင်း ၎င်းနေထိုင်သည့်အခန်းအား ဝင်ရောက်ဖမ်းဆီးကာ ရှာဖွေခဲ့ရာ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါအမျိုးသားတည်းခိုနေသောအခန်းတွင်းမှ ဩစတြေးလျနိုင်ငံထုတ်သည့် (နံပါတ်၊ K4YKZG1YS01-2101663၊ GLOCK အမျိုးအစား ပွိုင့် ၃၈ ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၁ ခုနှင့် အမေရိကန်နိုင်ငံထုတ် ပွိုင့် ၃၈ ကျည် ၃ တောင့်တို့ကို ရှာဖွေတွေ့ရှိခဲ့သောကြောင့် သိမ်းဆည်းသွားကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။
ထိုလက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခံရသူသည် ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်၊ နယ်မြေ(၉)တွင် နေထိုင်သည့် ချင်း/ခရစ်ယာန်ဖြစ်ပြီး စျေးရောင်းလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။