၁၄. ၇. ၂၀၂၃
Written By Thandar
ထပ်ဆင့်အကယ်ဒမီ စန္ဒရားတင်ဝင်းလှိုင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့် လွမ်းဆွတ်တသခြင်း အခမ်းအနားကို ဇူလိုင် ၁၄ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ M3 Food Center မှာ ကျင်းပခဲ့ပါတယ်။
“ဖေဖေ့ရဲ့ အမှတ်တရပွဲလေးလုပ်ဖြစ်တဲ့အကြောင်းက ဖေဖေမရှိပေမယ့် ဖေဖေ့ရဲ့ပုံရိပ်တွေက အမြဲတမ်းရင်ထဲမှာ ကြိတ်အောင်းနေတဲ့အတွက်ကြောင့်မို့ ငါ့အဖေအတွက် ပွဲလေးလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်လေးပါပဲ။ အဖေ့ကို အမြဲတမ်းလွမ်းဆွတ်တသနေတဲ့ဆိုတဲ့ အတွေးလေးနဲ့ပဲ လုပ်တဲ့ သဘောပါ။ ဖေဖေ မရှိတော့ပေမယ့် ဖေဖေ့ရဲ့အနုပညာတွေ ဆိတ်သုဥ်းသွားတယ်။ ဘယ်လိုဆိတ်သုဥ်းလဲဆိုတော့ အသံတွေရော ရုပ်တွေရောမကြားခဲ့ရတော့ဘူး။ အဖေမိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပြန်လည်ထိတွေ့ချင်တယ်။ ထိတွေ့ ခွင့်ကလည်း ဒီအစီအစဥ်လေးပဲရှိလို့ ပွဲလေး စီစဥ်ဖြစ်တာပါ”လို့ စန္ဒရား ဦးတင်ဝင်းလှိုင် သမီးငယ် ဒေါ်ဝင်းသွဲ့သွဲ့က MT News ပြောပါတယ်။
ဒီအခမ်းအနားမှာ စန္ဒရားတင်ဝင်းလှိုင်ကိုယ်တိုင် ရေးသားတီးခတ်ခဲ့တဲ့ ” ချမ်းမြေ့ပါစေ” သီချင်းကို အဖွင့်သီချင်းအဖြစ် တီးခတ်ခဲ့ပြီး အဆိုတော် ရီရီသန့်က ရတုဖတ်ကာ ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ စာရေးဆရာ ဦးဟိန်းလတ်၊ စာရေးဆရာ ဦးအောင်စိုးဦး ၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)က ဦးမြင့်အောင် တို့က မုဒိတာစကားပြောကြားပါတယ်။
“ဖေဖေကိုယ်တိုင်ရေးခဲ့တဲ့ ချမ်းမြေ့ပါစေ သီချင်း၊ တန်ဖိုးရေးမထားသော ပန်းချီကားတစ်ချပ် သီချင်း၊ စန္ဒရားတင်ဝင်းလှိုင် သီဆိုခဲ့တဲ့ ကြည်ပြာရောင်စာလေးတွေ ၊ ချစ်ကြွေးဆပ် ၊ မမတို့ရဲ့ အမေအဆိုတော် ဒေါ် ကြူကြူဝင်းရဲ့ စံပယ်ပွင့်ပြီမောင် သီချင်းကို ညီမနှစ်ယောက်က ဖျော်ဖြေတင်ဆက်ပါတယ်။ ဖေဖေဆုံးတဲ့အထိ အနုပညာအလုပ်တွေ မလုပ်ဖြစ်ခဲ့ဘူးဆိုတော့ မိဘတွေကျန်းမာရေးမကောင်းတော့ ဂီတပိုင်းနဲ့ ပတ်သက်ပြီး မလုပ်ဖြစ်ခဲ့ပါဘူး။ ဖေဖေ့ရဲ့အနုပညာရယ်၊ မေမေ့ရဲ့ အနုပညာတွေက ရင်ထဲမှာ ကိန်းအောင်းနေပါတယ်”လို့ သူမကဆက်ပြောပါတယ်။
အဲဒီပွဲမှာ ချမ်းမြေ့ပါစေ သီချင်းကို သီဆိုခဲ့သူ အဆိုတော် ရီရီသန့်က သီဆိုဖျော်ဖြေခဲ့သလို အဆိုတော် ဖိုးသောကြာ၊ အောင်အေးချစ်၊ ရွှင်ပြုံး ၊ ရွှန်းလဲ့အောင် ၊ ဝင်းလဲ့လဲ့ နဲ့ ဝင်းသွဲ့သွဲ့တို့က တေးသီချင်းတွေ ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။