
၁၄. ၇. ၂၀၂၃
Written by Min Mahar
လက်ဖက်ရည်ဆိုင်တွင်ထိုင်နေသော ရာအိမ်မှူးလည်းဖြစ် ပြည်ခိုင်ဖြိုးပါတီဝင်လည်းဖြစ်သူတစ်ဦးအား အမည်စုံစမ်းဆဲ PDF နှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွားမှု ယမန်နေ့ညနေပိုင်းက မန္တလေးတွင်ဖြစ်ပွားခဲ့ကြောင်း မြို့ခံပြည်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇူလိုင်လ ၁၃ ရက်) ညနေ ၄ နာရီ ၄၀ ခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာအနောက်ရပ်ကွက်၊ အကွက်(၂၃၆)၊ ၂၈ လမ်းနှင့် ၂၉ လမ်းကြား၊ လမ်း ၉၀ နှင့် ၉၁ လမ်းကြား၊ သဇင်လမ်းသွယ်ရှိ ဦးဖူးညို လက်ဖက်ရည်ဆိုင်တွင် သိရိဟေမာအနောက်ရပ်ကွက်၊ အကွက်(၂၃၁)၏ အသက် ၇၃ နှစ်အရွယ် ရာအိမ်မှူး(မြို့နယ်ပြည်ခိုင်ဖြိုးပါတီဝင်)သည် ဆိုင်အတွင်းအတူပါရှိသူ အမျိုးသားတစ်ဦးနှင့်အတူ လက်ဖက်ရည်သောက်နေစဉ် လမ်း ၉၀ အတိုင်း အရှေ့မှအနောက်သို့ လမ်းလျှောက်လာသည့် အမျိုးသား ၂ ဦးအနက်မှ အင်္ကျီအညိုရောင်လက်ရှည်၊ ဘောင်းဘီအရှည်ဝတ်ဆင်ထားသော အမျိုးသားလူငယ်တစ်ဦးသည် ပါလာသော ပစ္စတိုသေနတ်ဖြင့် ၂ ချက်ပစ်ခတ်ခဲ့ပြီး လမ်း ၉၀၊ သဇင်လမ်းသွယ်လမ်းအတိုင်း အနောက်မှအရှေ့သို့ လာရာလမ်းအတိုင်း ပြန်လည်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထို့ကဲ့သို့ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရာအိမ်မှူးဆိုသူသည် ဝဲဘက်ပခုံးညှပ်ရိုးကို ကျည်ဖောက်ဝင်သွားသောဒဏ်ရာ ၁ ချက် (စိုးရိမ်ရ)ရရှိခဲ့သဖြင့် သုဂတိမဂ္ဂလူမူကူညီရေးယာဉ်ဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ ၅ နာရီ ၃၀ မိနစ်တွင်ရောက်ရှိခဲ့ပြီး အရေးပေါ်နှင့် ပြင်ပလူနာကုသရေးဌာန၌ ဆေးဝါးကုသမှုများခံယူနေကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ဖြစ်ပွားသည့်နေရာသို့ ပူးပေါင်းလုံခြုံရေးတပ်ဖွဲ့ဝင်များလည်း ရောက်ရှိလာပြီး စစ်ဆေးဆောင်ရွက်ခဲ့ရာ အခင်းဖြစ်သောနေရာအနီးမှ USA 9 MM LUGER ကျည်ခွံ ၁ ခု၊ ကျည်ထိပ်ဖူး ၁ ခုတို့အားတွေ့ရှိရသဖြင့် သိမ်းဆည်းသွားကာ သေနတ်ပစ်ခတ်သွားသူများအား အမြန်ဆုံးပြန်လည်ဖမ်းဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက်နေကြောင်းလည်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
