MT News
Written by Ye Kyaw
မြန်မာနိုင်ငံတွင် လျှပ်စစ်ကားများကို အရစ်ကျချေးငွေဝန်ဆောင်မှုဖြင့် ရောင်းချပေးနိုင်ရန် A Bank၊ A Insurance နှင့် Amazing Auto စသည့်လုပ်ငန်းသုံးခု သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း A Bank က ဇူလိုင်လ ၁၂ ရက်တွင် ကြေညာထားသည်။
ယင်းကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုအရ Amazing Auto Co., Ltd မှ လျှပ်စစ်ကား (EV)များကို A Bank ၏ အရစ်ကျချေးငွေဝန်ဆောင်မှုဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး ဝယ်ယူသည့် မည်သည့်ကားမဆို ကားအမျိုးအစား အားလုံးအတွက် ကားအာမခံအကာအကွယ်များကို A Insurance မှ တစ်ပါတည်း ပေးအပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
လျှပ်စစ်ကား (EV)တန်ဖိုး၏ ရာခိုင်နှုန်း ၃၀ ကို Down Payment ပေးသွင်းပြီး ကျန်ငွေအား တစ်နှစ်မှ ငါးနှစ်အထိ မိမိနှစ်သက်ရာ အရစ်ကျနှစ်ကိုယူပြီး A Bank ၏ ဘဏ် HP စနစ်ဖြင့် အတိုးနှုန်းသက်သာစွာ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း Amazing Auto Co., Ltd မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့ပြင် အင်ဂျင်ကားများကဲ့သို့ ခံစားခွင့်ရရှိနိုင်မည့် လျှပ်စစ်ကား (EV)များ အလုံးစုံအာမခံအတွက်ကိုလည်း A Insurance ၏ ဝန်ဆောင်မှုများဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။