၁၄. ၇. ၂၀၂၃
Written by Min Mahar
သတင်းတပ်ဖွဲ့(SB)မှ ရဲအုပ်တစ်ဦး(တပ်ဖွဲ့စိတ်မှုး)အား PDF နှစ်ဦးက အလစ်အငိုက်ဖမ်းပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျည်ထိမှန် ဒဏ်ရာရရှိကာ သေဆုံးသွားမှု ယမန်နေ့ညနေစောင်းပိုင်းက ဝမ်းတွင်းမြို့တွင် ဖြစ်ပွားခဲ့ကြောင်း မြို့ခံဌာနဆိုင်ရာများနှင့် နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့၊ အမှတ်(၁) ရပ်ကွက်၊ အောင်မင်္ဂလာရပ်(ဒေသအခေါ်)၊ အောင်မင်္ဂလာလမ်းပေါ်ရှိ သတင်းတပ်ဖွဲ့(SB)ယာယီရုံးရှေ့တွင် တပ်ဖွဲ့စိတ်မှုး တာဝန်ထမ်းဆောင်နေသည့် ရဲအုပ်အဆင့်ရှိသော အမျိုးသားတစ်ဦးသည် ၎င်း၏ရုံးရှေ့သို့ ထွက်နေစဥ်အတွင်း၌ အမည်မသိ PDF လူငယ်အမျိုးသား ၂ ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ၂ ချက်ပစ်ခတ်ခဲ့ကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
အဆိုပါသေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် တပ်ဖွဲ့စိတ်မှုးသည် ပါးစပ်မှနောက်စေ့သို့ ဖောက်ဝင်သွားသည့်ဒဏ်ရာ ၁ ချက်ဖြင့် အခင်းဖြစ်ပွားသည့်နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကာ သက်ဆိုင်ရာလုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များမှလည်း ပိတ်ဆို့မှုများပြုလုပ်ကာ လိုက်လံစုံစမ်းစစ်ဆေးခဲ့ကြောင်း သိရသည်။