
ဝန်ကြီးချုပ်အိပ်မက်ပျက်ခဲ့ရသူ ပီတာအား ဇူလိုင်လ ၁၃ ရက်က ပါလီမန်တွင် ဝန်ကြီးချုပ်နေရာအတွက် ပူးတွဲမဲရွေးပွဲအပြီး တွေ့ရစဉ်
ပီတာ၏ ဝန်ကြီးချုပ်အိပ်မက် ပထမအကြိမ်ပျက်ပြားပြီးနောက် ဇူလိုင် ၁၉ ရက်တွင် ထပ်မံရွေးချယ်ခံရန် အစီအစဉ်ရှိဟု သိရ
၁၄. ၇. ၂၀၂၃
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ ပါလီမန်တွင် ရွေးကောက်ပွဲနိုင် Move Forward Party က ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ရန် အဆိုပြုထားသော MFP ပါတီခေါင်းဆောင် ပီတာ လင်ဂျာရွန်းရတ်အား အထက်လွှတ်တော်နှင့် အောက်လွှတ်တော်အမတ်များ၏ ပူးတွဲမဲရွေးချယ်ပွဲကို ဇူလိုင်လ ၁၃ ရက်က ကျင်းပခဲ့ရာ ဝန်ကြီးချုပ်လောင်း ပီတာမှာ တာဝန်ထမ်းဆောင်ရန်လိုအပ်သော ထောက်ခံမဲ ၃၇၆ မဲကို မပြည့်မီဘဲ ထိုင်းနိုင်ငံ၏ အယောက် ၃၀ မြောက်ဝန်ကြီးချုပ်ဖြစ်ရေး ၎င်း၏အိပ်မက်မှာ ပျက်ပြားခဲ့ရရှာသည်။
ပူးတွဲမဲရွေးပွဲတွင် ပီတာ့အား ထောက်ခံမဲ ၃၂၄ မဲရှိခဲ့ပြီး အများစုမှာလည်း ရှစ်ပါတီမဟာမိတ်အဖွဲ့မှသာ ဖြစ်ကြောင်း တွေ့ရသည်။ ပါလီမန်တွင် ခြောက်နာရီကြာအငြင်းအခုံများဖြစ်ပွားခဲ့ပြီးနောက်တွင် ညနေ လေးနာရီ၌ ဝန်ကြီးချုပ်သစ်အတွက် ပူးတွဲမဲရွေးချယ်ပွဲ စတင်ခဲ့ကြခြင်းဖြစ်သည်။ ပီတာက ဝန်ကြီးချုပ် နေရာအတွက် တစ်ဦးတည်းသော အဆိုပြုခံထားရသူလည်းဖြစ်သည်။
မဲပေးမှုလုပ်ငန်းစဉ်ကို ပြောင်မဲပေးစနစ်ဖြင့်သာကျင်းပခဲ့ကြခြင်းဖြစ်ပြီး ရလဒ်များကို ပါလီမန်အဖွဲဝင် ခြောက်ဦးပါဝင်သောကော်မတီက ရေတွက်ခဲ့ကြသည်။ နှစ်နာရီကြာ မဲပေးပွဲ၏ ရလဒ်အဖြစ် ထောက်ခံ မဲ ၃၂၄ မဲ ၊ ကန့်ကွက်မဲ ၁၈၂ မဲနှင့် မဲမပေးဘဲနေသူ ၁၉၉ မဲ ရှိခဲ့ကြသည်။ လွှတ်တော်အမတ်စုစုပေါင်း ၇၄၉ ဥိးတွင် မဲပေးပွဲသို့ မတက်ရောက်သူ ၄၄ ဦးရှိခဲ့ခြင်းလည်းဖြစ်သည်။
ဝန်ကြီးချုပ်ဖြစ်ရေး လိုအပ်သောထောက်ခံမဲရရန် ၅၂ မဲလိုနေခဲ့သော ပီတာက “ရလဒ်ကိုလက်ခံပါတယ်။ ဒါပေမဲ့ဒါက ကျွန်တော် အရှုံးပေးလိုက်တာမဟုတ်ပါဘူး” ဟုပြောခဲ့သည်။ မဲပေးပွဲတွင် အထက်လွှတ်တော်အမတ်အများစုက မဲမပေးဘဲနေခဲ့ကြပြီး ၎င်းအားထောက်ခံမဲပေးခဲ့သော အထက်လွှတ်တော်အမတ် ၁၃ ဦးကို ကျေးဇူးတင်ပါကြောင်း ပီတာက ပြောခဲ့သည်။
ဝန်ကြီးချုပ်အသစ်အတွက် မဲပေးရွေးချယ်ပွဲကို ဇူလိုင်လ ၁၉ ရက်တွင်ဆက်လက်ပြုလုပ်မည်ဖြစ်ရာ ပီတာက ၎င်းအား ဝန်ကြီးချုပ်နေရာအတွက်ဒုတိယအကြိမ် ထပ်မံရွေးချယ်ခံရန် အစီအစဉ်ရှိသည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။ ပီတာရွေးချယ်မခံရသည့်နောက်တွင်မူ ဒုတိယမဲအများဆုံး ဖျူထိုင်းပါတီမှ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ရန် တစ်ဦးအဆိုပြုရမည်ဖြစ်သည်။
Ref—— Thai PBS, Nation Thailand