၁၄. ၇. ၂၀၂၃
Written by Min Mahar
ဆိုင်ကယ်ဖြင့် ဘုရားသို့သွားသော မူလတန်းကျောင်းအုပ်ဆရာမကြီး၏ဖခင်ဖြစ်သူအား PDF များက “ဒလန်မိသားစုကိုအရှင်မထားဘူး” ဟု ပြောဆိုကာ သေနတ်ဖြင့် ပစ်သ-တ်သွားမှု ယမန်နေ့ညနေပိုင်းက ရွှေဘိုမြို့တွင် ဖြစ်ပွားခဲ့ကြောင်း မြို့ခံများ၏ ပြောပြချက်အရ သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၁၃ ရက်(ယမန်နေ့) ညနေ ၃ နာရီ ၁၀ မိနစ်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၆)ရပ်ကွက်တွင်နေထိုင်သည့် မူလတန်း ကျောင်းအုပ်ဆရာမကြီး၏ အသက် ၆၀ ခန့် အရွယ်ရှိသော ဖခင်ဖြစ်သူသည် အမှတ်(၇)ရပ်ကွက်ရှိ အောင်မြေဘုရားသို့ 125 ဆိုင်ကယ်အမျိုးစားဖြင့် တစ်ဦးတည်းထွက်လာပြီး ဘုရားအနီးလမ်းပေါ်သို့ အရောက်တွင် PDF အဖွဲ့ဝင်နှစ်ဦးက “ဒလန်မိသားစုကို အရှင်မထားဘူး”ဟုပြောကာ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သည်ဟု မျက်မြင် ဒေသခံအချို့ ပြောကြားမှုအရ သိရသည်။
ထို့ကြောင့် ၎င်းပစ်ခတ်ခံရသူသည် ဒဏ်ရာများဖြင့် နေရာ၌ပင် ပွဲချင်းပြီးသေဆုံးခဲ့သွားသောကြောင့် ညနေ ၄ နာရီတွင် ရွှေဘိုခရိုင် လူမှုကယ်ဆယ်ရေးအသင်းပိုင်ယာဉ်ဖြင့် ရွှေဘိုပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း အခင်းဖြစ်စဉ်အား မျက်မြင်ကြားသိခဲ့ရသည့် အမည်မဖော်လိုသူတစ်ဦးက MT News သတင်းဌာနသို့ ပြောပြသည်။
အဆိုပါပစ်ခတ်မှုကြောင့် ၎င်းမူလတန်းကျောင်းအုပ်ဆရာမကြီး၏ ဖခင်ဖြစ်သူသည် ဝဲဘက်နှာခေါင်းဘေးအား ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်နှင့် ယာဘက်လက်မောင်းရင်းကိုလည်း ကျည်ဖောက်ဝင်သွားသည့်ဒဏ်ရာ ၁ ချက်တို့ ရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယင်းအသတ်ခံရသူ၏ သမီးဖြစ်သူသည် ရွှေဘိုမြို့နယ်၊ ကိုးပင်စုကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းအုပ်တစ်ဦးဖြစ်ပြီး ယခုလက်ရှိတွင်လည်း အမှတ်(၅) ရပ်ကွက်၊ မင်းရပ်(မြောက်) မူလတန်းကျောင်းတွင် တွဲဘက်သင်ကြားနေသူတစ်ဦးဖြစ်သောကြောင့် ဖခင်ဖြစ်သူအား “သတင်းပေး၊ ဒလန်”ဟု စွပ်စွဲကာ ယခုကဲ့သို့ သ-တ်ဖြတ်သွားခြင်းဖြစ်နိုင်ကြောင်း အသ-တ်ခံရသူနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက ဆိုထားသည်။