October 18, 2024

၁၄. ၇. ၂၀၂၃
Written by Pan Ei

ထိုင်းနိုင်ငံက အမျိုးသမီးလေးယောက်တို့ဟာ မြန်မာနိုင်ငံနယ်စပ်၊ တာချီလိတ်မြို့မှာ PR ဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်ဖို့ TikTok အက်ပလီကေးရှင်းကတစ်ဆင့် အလုပ်အကိုင်အေးဂျင့်ကို တွေ့ခဲ့ရာကနေ ပြီးခဲ့တဲ့ဇွန်လက မြန်မာနိုင်ငံကို နယ်စပ်ကတစ်ဆင့် ရောက်ရှိလာခဲ့ချိန်မှာ တခြားမြို့တစ်မြို့ကို အပို့ခံခဲ့ရပြီး ပြည့်တန်ဆာအဖြစ် အတင်းအကြပ် ခိုင်းစေခံနေရတာကြောင့် သူတို့ဟာ ထိုင်းပြည်တွင်းဖေ့စ်ဘွတ်ခ်စာမျက်နှာတစ်ခုကို မကြာသေးမီရက်ပိုင်းအတွင်းက ဆက်သွယ်အကူအညီတောင်းခံခဲ့ပါတယ်။

ထိုင်းနိုင်ငံက ဖေ့စ်ဘွတ်ခ်စာမျက်နှာတစ်ခုဖြစ်တဲ့ Ninja Today က တင်ထားတဲ့ ဗီဒီယိုတစ်ခုမှာ ပြည့်တန်ဆာအဖြစ် အတင်းအကြပ်စေခိုင်းခံနေရတဲ့ ထိုင်းအမျိုးသမီးလေးဦးထဲက နှစ်ဦးက သူတို့ကို အိမ်ပြန်ပို့ပေးဖို့ အကူအညီတောင်းနေတာကို တွေ့ရပြီး “မြန်မာနိုင်ငံမှာ အလုပ်လုပ်ဖို့ အလိမ်ခံခဲ့ရတယ်” လို့ အမျိုးသမီးတစ်ဦးက မျက်ရည်လည်ရွဲနဲ့ ပြောနေခဲ့သလို သူတို့သိတဲ့ ထိုင်းအစိုးရအေဂျင်စီတိုင်းကို ဆက်သွယ်ခဲ့ပေမဲ့ မကူညီသေးဘဲ စောင့်နေဖို့ပဲ ပြောတယ်လို့ သူမကပြောခဲ့ပါတယ်။

အဆိုပါ ဗီဒီယိုထဲမှ အကူအညီတောင်းခံခဲ့တဲ့ အမျိုးသမီးဟာ ထိုင်းနိုင်ငံ၊ အူဘုံ ရတ်ချသာနီမြို့မှ အသက် ၃၅ နှစ်အရွယ် Kae လို့ အမည်ရသူဖြစ်ပြီး သူမနဲ့ သူငယ်ချင်း သုံးဦးကို နယ်စပ်မြို့ တာချီလိတ်မှာ လစာကောင်းကောင်း၊ နေရာထိုင်ခင်းအပြည့်အစုံ၊ အစားအသောက်အတွက်လည်း အခမဲ့နဲ့ အလုပ်လုပ်ကိုင်ဖို့ အလုပ်အေဂျင်စီနဲ့ကတိပြုထားခဲ့ပေမဲ့ သူတို့ကို တကယ်ပို့ဆောင်ရာမှာ တာချီလိတ်ကနေ နောက်ထပ် ခြောက်နာရီလောက်ကြာအောင်သွားရတဲ့ အခြားမြို့တစ်မြို့ကို ပို့ဆောင်ခံခဲ့ရချိန်မှာတော့ လိမ်လည်ခံရပြီဆိုတာကို သိရှိခဲ့တယ်လို့ သူမက ပြောကြားခဲ့ပြီး သူတို့ဟာ ပြည့်တန်ဆာအဖြစ် လုပ်ကိုင်စေဖို့ မြန်မာနဲ့ တရုတ်နယ်စပ်က မိုင်းပေါက်မြို့ကို ပို့ဆောင်ခံခဲ့ရတာပါ။

မိုင်းပေါက်မြို့ဟာ တရုတ်နိုင်ငံနယ်စပ်ကနေ ၁၀ ကီလိုမီတာအကွာမှာတည်ရှိပြီး တရုတ်ဧည့်သည်တွေကို အဓိကပစ်မှတ်ထားတဲ့ ဖျော်ဖြေရေးနေရာတွေအတွက် လူသိများပါတယ်။

မိုင်းပေါက်မြို့ကိုရောက်ပြီး Kae နဲ့ သူ့သူငယ်ချင်းတွေဟာ ပြည့်တန်ဆာအလုပ်ကို အတင်းအကြပ်စေခိုင်းခံနေရပြီး မလုပ်ရင် အရိုက်ခံရတဲ့အပြင် အစာအငတ်ထားမယ်လို့ အပြောခံရတယ်လို့လည်း ဗီဒီယိုထဲက ပြောကြားချက်တွေအရ သိရပါတယ်။

အူဘုံ ရတ်ချသာနီမြို့ရဲစခန်းမှ ကြီးကြပ်ရေးမှူး Kanongrit Darat ကတော့ အမျိုးသမီးတွေအတွက် ကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေကို စနစ်တကျလုပ်ဆောင်သွားမှာဖြစ်ပြီး သူတို့ကို ကူညီဖို့ သက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိုင်းသွားမယ်လို့ ပြောပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ ထိုင်းဘုရင့်သံရုံးက ထိုင်းအမျိုးသမီးတွေအကြား အရင်ကတည်းက ပျံ့နှံ့နေခဲ့တဲ့ အခုလိုပြဿနာတွေနဲ့ ပတ်သက်ပြီး သတိပေးဖို့ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွေဖြစ်တဲ့ မိုင်းပေါက်၊ မူဆယ်၊ လဟယ်နဲ့ လဟယ်မြို့နယ် အနီးတစ်ဝိုက် ဒေသတွေက အလုပ်အကိုင် အခွင့်အလမ်းတွေကို မယုံကြည်ကြဖို့ မနှစ်က တရားဝင် ကြေညာချက် ထုတ်ပြန်ခဲ့ဖူးပါတယ်။

Ref; Thaiger, Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *