October 18, 2024

၁၄. ၇. ၂၀၂၃
Written by Min Mahar

မြင်းခြံမြို့နယ်၊ သိမ်တိုင်ကျေးရွာနှင့် ဇလပ်ကုန်းကျေးရွာကြားတွင် ယမန်နေ့မနက်ပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေးအတွက် ပိတ်ဆို့စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် အမျိုးသား ၂ ဦးအား မသင်္ကာသဖြင့် စစ်ဆေးရာ လက်လုပ်မိုင်း ၃ လုံးနှင့် ဆက်စပ်ပစ္စည်းများတွေ့ရှိခဲ့၍ ဖမ်းဆီးခေါ်ဆောင်သွားကြကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဇူလိုင်လ ၁၃ ရက်နေ့) နံနက် ၇ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ သိမ်တိုင်ကျေးရွာနှင့် ဇလပ်ကုန်းကျေးရွာကြားတွင် ပူးပေါင်းလုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေးအတွက် ပိတ်ဆို့စစ်ဆေးမှုများဆောင်ရွက်နေစဉ် မသင်္ကာဖွယ်ရာအမျိုးသား ၂ ဦးသည် ဆိုင်ကယ်တစ်စီးဖြင့် မောင်းနှင်လာ၍ ရပ်တန့်စစ်ဆေးခဲ့ရာ ၎င်းတို့ ၂ ဦး၏ကြား၌ တင်လာသော ဆာလာအိတ်အဖြူရောင်အထုပ်အား တွေ့ရှိခဲ့သည်။ ထို့ကြောင့် စစ်ဆေးရှာဖွေကြည့်သည့်အခါ ဆာလာအိတ်အတွင်းမှအရှည် ၁၂ လက်မခန့်၊ အချင်း ၄ လက်မခန့်ရှိ PVC အပြာရောင်ပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း ၃ လုံး၊ ရီမု Control(အဖြူရောင်) ၁ ခု၊ အရှည် ၅ ပေခန့်ရှိသည့် ဝါယာကြိုး ၁ ခွေ၊ ကတ်ကြေး ၁ ချောင်းတို့အား တွေ့ရှိခဲ့သဖြင့် သိမ်းဆည်းကာ ၎င်းပစ္စည်းများကို တင်ဆောင်လာသော အမျိုးသား ၂ ဦးအား နံနက် ၈ နာရီတွင် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးခေါ်ဆောင်သွားကာ လိုအပ်သည်များ စစ်ဆေးနေပြီး တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

အဆိုပါဖမ်းဆီးခံရသော အမျိုးသားနှစ်ဦးထဲမှ အရှေ့မှမောင်းနှင်သူသည် အသက် ၂၁ နှစ်ခန့်ရှိသော မြင်းခြံမြို့နယ်၊ ကိုင်းကျေးရွာတွင် နေထိုင်သူတစ်ဦးဖြစ်ကာ အနောက်မှလိုက်ပါလာသူသည် အသက် ၂၂ နှစ်ခန့်ရှိသည့် မြင်းခြံမြို့နယ်၊ သိမ်တိုင်ကျေးရွာတွင် နေထိုင်သူတစ်ဦးဖြစ်ပြီး ၎င်းတို့နှစ်ဦးသည် ကြုံရာကျပန်းလုပ်ကိုင်သောသူများ ဖြစ်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *