October 18, 2024

၁၃. ၇. ၂၀၂၃
Written By Thandar

အနုပညာသက်တမ်း (၃၇) နှစ်ကျော်ဖြတ်သန်းလာတဲ့ ဝါရင့်အနုပညာရှင် အကယ်ဒမီ ခင်မို့မို့အေးက ကိုယ့်သားသမီးအရွယ် သရုပ်ဆောင်တွေရဲ့ အဆင့်ကျော်တာခံရဖူးတယ်လို့ ရင်ဖွင့်လာပါတယ်။

“ကိုယ့်သားသမီးအရွယ် သရုပ်ဆောင်တွေရဲ့ အဆင့်ကျော်တာ ကြုံခဲ့ဖူးတယ်။ ကြုံပါတယ်။ ဇာတ်ကား ရိုက်နေရင်း သမီးလေးတွေ သားလေးတွေက စကားပြောနေရင်း မေ့တဲ့ ဒိုင်ယာလော့ခ် စကားလုံးရှိတယ်လေ။ ရှေ့မှာ ဒါရိုက်တာ ထိုင်နေပေမယ့် ဒါရိုက်တာပြောရမယ့် စကားကို တက်သစ်စကလေးတွေက တီတီစကား ခုန်သွားတယ်။ ဘာတို့ပြောတယ်။ ကိုယ့်သားသမီးထက်တောင် ငယ်တဲ့အရွယ်တွေပါ။ အဲဒီလိုပြောတော့ တီတီ့စိတ်ထဲမှာ သိပ်မထားပါဘူး။ သူတို့မသိလို့ ပြောတာလေ။ အဆင့်လေးတွေနဲ့သွားရတယ်။ လူကြီးကို ရိုသေရကောင်းမှန်းသိရတယ်”လို့ အကယ်ဒမီ ခင်မို့မို့အေးက ပြောပါတယ်။

သူမဟာ ၁၉၈၆ ခုနှစ်စပြီး အနုပညာလောထဲ ဝင်ရောက်ခဲ့ပြီး ဗီဒီယိုဇာတ်ကားတွေ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့သူဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း ရုပ်သံဇာတ်လမ်းတွဲများစွာမှာ ပါဝင်သရုပ်ဆောင်နေလျှက်ရှိသူလည်း ဖြစ်ပါတယ်။ MRTV-4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်နေတဲ့ အဖြူရောင် သက္ကရာဇ် ဇာတ်လမ်းတွဲမှာလည်း ဆရာဝန်မကြီးနေရာ ပါဝင်သရုပ်ဆောင်လျှက်ရှိပါတယ်။

“အနုပညာ လုပ်တာက သူတင်ကိုယ်တင်ရိုက်ကြတာလေ။ ရိုသေစရာလည်း မလိုပါဘူး။ အဆင့်လေးတွေ ကျော်ပြောကြတယ်။ ငါသည် ဒီလိုလူမျိုးကို ပြောသင့်လား။ မပြောသင့်လား။ မချင့်ချိန်တတ်သေးတဲ့အတွက် ပြောတာလို့ တီတီက ယူဆပါတယ်။ သူတို့ ပြောချင်တာပြော။ တီတီ လုပ်စရာအလုပ်ကိုပဲ တီတီလုပ်ပါတယ်။ အနုပညာစည်း ဆိုတာ မကျော်သင့်ပါဘူး။ အဆင့်ကျော်ပြီး မလုပ်ထိုက်ဘူး”လို့ သူမကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *