November 1, 2024
PDF နှစ်ဖွဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဆိုသည့် Mark-2 ယာဥ်ကို တွေ့ရစဥ်

၂၆. ၁၀. ၂၀၂၂
Written by Nay Moe

စစ်ကိုင်းတိုင်း မုံရွာ_အရာတော်လမ်းပိုင်းတွင် အိမ်စီး Mark 2 ယာဥ်ငယ်တစ်စီးအား PDF နှစ်ဖွဲ့ပေါင်း၍ ပစ်ခတ်ရာမှ ယာဥ်ပေါ်ပါ လူသုံးဦးသေဆုံးခဲ့သည်ဟု God Of Monywa People Defence Force_GPDF အဖွဲ့က ယနေ့ထုတ်ပြန်ထားသည်။

God Of Monywa People Defence Force_GPDF ၏ ထုတ်ပြန်ချက်အရ ဖြစ်စဥ်မှာ “မုံရွာ_အရာတော်လမ်းပိုင်းတစ်နေရာ၌ ကင်းပုန်းဝပ်နေသော လခရများကို ရိက္ခာလာပို့သော Mark -2 ကားသည် PDF များထောင်ထားသော မိုင်းလေးလုံးပေါ် နင်းမိကာ ပေါက်ကွဲမှုဖြစ်ပွားပြီး Mark -2 ကား ရှေ့ဆက်မမောင်းနိုင်တော့ကြောင်းနှင့် ယာဥ်ပေါ်ပါ ငါးဦးအနက် သုံးပွင့်ဗိုလ်(မူရင်းအတိုင်း) တစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိကာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းနှင့် ကင်းပုန်းဝပ်နေသူများနှင့် ထိတွေ့တိုက်ပွဲဖြစ်ကာ ဆုတ်ခွာခဲ့ရပြီး အထိအခိုက်မရှိကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ ဖောက်ခွဲပစ်ခတ်မှုကို အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစု၏ တပ်ရင်း (၁)၊ တပ်ခွဲ (၃) မှ God Of Monywa People Defence Force_GPDF နှင့် သပြေညို ပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်း၍ အောက်တိုဘာ ၂၅ ရက်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် Video Clip မရိုက်ယူနိုင်သည့်အတွက် တောင်းပန်ကြောင်း ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဥ်တွင် God Of Monywa People Defence Force_GPDF နှင့် သပြေညို ပြောက် ကျားတပ်ဖွဲ့တို့ ပစ်ခတ်ခဲ့သည့် Mark- 2 ယာဥ်မှာ အိမ်စီးကားသာဖြစ်ပြီး မိုင်းခွဲပစ်ခတ်မှုကြောင့် သေဆုံးရသူများမှာလည်း ပြည်သူများသာဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်။ မိုင်းလေးလုံးထိသည်ဟု ဖော်ပြထားသော်လည်း ယာဥ်အနှံ့ဖောက်ဝင်ထားသည့် ပစ်ခတ်ရာများမှာ ကျည်ထိမှန်မှုများ ဖြစ်နေသည်ကို တွေ့ရပြီး ကားနံပါတ်ကိုလည်း ဖုံးကွယ်ဖော်ပြခဲ့သည်။ ထို့အတွက် သတင်းထုတ်ပြန်သည့် God Of Monywa People Defence Force_GPDF အား MT News သတင်းဌာနက ” Mark -2 ကားမှာ တပ်ကားမဟုတ်ဘဲ အရပ်သား ကားဟု သတင်းများထွက်နေကြောင်း၊ တပ်ကားဟုတ် မဟုတ် မည်သို့စိစစ်ခဲ့သည်ဆိုခြင်းနှင့် ဖောက်ခွဲတိုက်ခိုက်၍ သေသွားသူသုံးဦးနှင့် ဒဏ်ရာရသူနှစ်ဦးမှာ တပ်က သုံးပွင့်ဗိုလ်နှင့် တပ်သားများ ဟုတ် မဟုတ် မည်သို့ဆုံးဖြတ်ခဲ့သည်ဆိုသည်နှင့် သတင်းထုတ်ပြန်စဥ် ဖုံးကွယ်ထားသည့် ကားနံပါတ်အား ထုတ်ပြန်ပေးနိုင်မှု ရှိ မရှိ” ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်ဖြေဆိုမှု မရှိသေးချေ။

Leave a Reply

Your email address will not be published. Required fields are marked *