October 18, 2024

၁၃. ၇. ၂၀၂၃
Written by Peya

ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့သည်မှာ မှန်ကန်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက အတည်ပြုခဲ့ပြီး လွတ်လွတ်လပ်လပ် ဆွေးနွေးခဲ့ကြောင်းလည်း ပြောကြားသည်။

အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်သည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဒွန်ပရာမတ်ဝီနိုင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်း ပြောကြားပြီးနောက် ဇူလိုင်လ ၁၃ ရက်တွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြုခဲ့ခြင်းဖြစ်ကာ လွတ်လွတ်လပ်လပ် ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်းလည်း ပြောကြားသည်။

ထိုသို့ တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က NUG နှင့် PDF များကို အသိအမှတ်မပြုသကဲ့သို့ ထောက်လည်း မထောက်ခံဟု ပြောကြားခဲ့ကြောင်း ဂျပန်အခြေစိုက် Pan Orient News က သတင်းရင်းမြစ်တစ်ခု၏ ပြောကြားချက်ကို ကိုးကား၍ ရေးသားဖော်ပြခဲ့သည်။

“ထိုင်းနိုင်ငံရဲ့ ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဒွန်ပရာမတ်ဝီနိုင်းဟာ မြန်မာနိုင်ငံကို တနင်္ဂနွေနေ့မှာ ရောက်ရှိလာတာ ရှိပါတယ်။ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြနေသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တာ ရှိပါတယ်။ နှစ်ယောက်ချင်း တွေ့ဆုံတာ ဖြစ်ပါတယ်။ တွေ့ဆုံတာက တစ်နာရီခွဲနီးပါးလောက် ကြာပါတယ်။ နှစ်ယောက်တည်း လွတ်လွတ်လပ်လပ်တွေ့တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး အနေနဲ့လည်း သူဆွေးနွေးချင်တဲ့ အချက်တွေကို လွတ်လွတ်လပ်လပ် ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ် ဆွေးနွေးတာ ဖြစ်တဲ့အတွက် ဆွေးနွေးချက်တွေကိုတော့ အသေးစိတ် မသိရှိပါဘူး။ ကျွန်တော်တို့ မျက်ဝါးထင် ထင် တွေ့မြင်ရချက်အရ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းမွန်ကြောင်း သိရှိရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *